Connect with us

Education & Health

ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) ပိုးသည် မြန်မာနိုင်ငံတွင်  ကူးစက်ပျံ့နှံ့ခြင်းမရှိကြောင်းထုတ်ပြန်

ဝက်မွေးမြူရေးခြံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ မြို့နယ် (၂၃၀)မှ ဝက် နမူနာပစ္စည်း စုစုပေါင်း(၂၇,၃၆၃)ခု ကောက်ယူစစ်ဆေး ခဲ့ပါကြောင်း၊  စစ်ဆေးချက်များအရ ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) ရောဂါပိုးအား တွေ့ရှိခဲ့ခြင်းမရှိ သဖြင့် မြန်မာနိုင်ငံတွင်  ကူးစက်ပျံ့နှံ့ခြင်းမရှိ ကြောင်း  ဝက်ကူးစက်ရောဂါများနှင့်စပ်လျဉ်း၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇူလိုင်၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ဆေးချက်များအရ အခြားဝက်ရောဂါများဖြစ်သည့် ဝက်နားရွက်ပြာရောဂါ (Porcine Respiratory and Reproductive Syndrome– PRRS – NA strain & EU strain) ၊ ဆာကိုဗိုင်းရပ်စ်ကြောင့် ဖြစ်သော    ဝက်အားနည်းရောဂါ    (Porcine Circovirus Type 2 – PCV2)နှင့် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever – ASF) များသာ တွေ့ရှိခဲ့ကြောင်း၊၂၀၁၉ ခုနှစ်နှင့်   ၂၀၂၀ ပြည့်နှစ်တွင် အာဖရိကဝက် အပြင်းဖျားရောဂါ (African Swine Fever – ASF)  ပိုးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါရောဂါသည် (က)စာရင်းဝင် ကူးစက်ရောဂါဖြစ်သောကြောင့်      ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) သို့      သတင်းပေးပို့ထားပြီး ဖြစ်ကြောင်း နှင့် ၎င်းရောဂါသည်ဝက်များတွင်သာကူးစက်ဖြစ်ပွားတတ်ပြီး လူသို့ကူးစက်နိုင်သည့်ရောဂါမဟုတ်ကြောင်း ကို အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ၂၀၁၀ ပြည့်နှစ် မှစ၍ ဝက်များတွင် ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) အပါအဝင် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများဖြစ်သည့်   ဝက်နားရွက်ပြာရောဂါ (Porcine Respiratory and Reproductive Syndrome – PRRS – NA strain & EU strain) ၊ ဆာကိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါ (Porcine Circovirus Type 2 – PCV2)၊   ဝက်ဝမ်းလျှောရောဂါ (Porcine Epidemic Diarrhea – PED)၊   အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever – ASF)၊ ဝက်ဝမ်းကျရောဂါ (Classical Swine Fever)နှင့် ကူးစက်လွယ်အစာအိမ်အူရောင်ရောဂါ (Transmissible Gastro-enteritis – TGE)များကို အချိန်နှင့်တစ်ပြေးညီ စူးစမ်းထောက်လှမ်းခြင်း၊ ဓာတ်ခွဲခန်း တွင်   အတည်ပြုစစ်ဆေးခြင်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)