Connect with us

Education & Health

၄ လကျော်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁,၅၁၆ ဦးနှင့် သေဆုံးသူ ၂ ဦးရှိ ၊ ရန်ကုန် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၃ ခုတွင် ဖြစ်ပွားမှု များပြားနေ

သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Health website)

ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများသည် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ လေးလကျော်ကာလအတွင်း ရောဂါဖြစ်ပွားသူ ၁,၅၁၆ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွါးမှုများပြားလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။နှစ်စဉ်ရောဂါဖြစ်ပွားမှု သုံးသပ်ချက်များအရ ယခုနှစ်သည် ရောဂါဖြစ်ပွားမှု ထူးကဲစွာများပြားသည့် Outbreak အသွင် ဖြစ်ပွားနိုင်ခြေ များပြားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက မေ ၂၃ ရက်တွင် ပြုလုပ်သည့် ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် တွင် ရရှိခဲ့သည့် စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၅,၄၄၆ ဦးရှိပြီး ၃၆ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရမည်ဖြစ်ရာ ခြင်မှတဆင့် ကူးစက်သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား ပိုးလောက်လမ်းနှင့် သက်ကြီးကောင်ခြင် နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်ကိုက် မခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

ထို့အတူ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေးရန် လိုအပ်ကြောင်း၊ ကျောင်းဖွင့်ရာသီ ရောက်ရှိသည့်အခါတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်စဉ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ရန်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း ၃၉၀ ခန့် ကူးစက်ဖြစ်ပွားလျက်ရှိရာ အရှေ့တောင်အာရှဒေသ၌ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)
#သွေးလွန်တုပ်ကွေး #ရောဂါဖြစ်ပွားမှု #ဒေါက်တာသက်ခိုင်ဝင်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar