Connect with us

Education & Health

ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ထားသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်စေရေး ကြေညာချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တို ၁၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ထားသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေရေး ကြေညာချက်အား ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်အဖွဲ့ဝင်၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ကျန်းမာရေးလုပ်သား အရင်းအမြစ်ဦးစီးဌာနမှာ အသေးစိတ်အချက်အလက်တွေကို စုံစမ်းလို့ရပါတယ်။ အဓိကကတော့ ဆရာဝန်လိုအပ်ချက်အရ ထုတ်ပြန်ရတာဖြစ်ပါတယ်’’ ဟု ဆင်ဟွာကို မေ ၁၃ ရက်တွင်ပြောသည်။

ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီးဖြစ် ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလများတွင် ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း ၁,၂၂၂ ဦးတို့သည် သက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပထမနှစ် သင်တန်းသို့ စတင်တက်ရောက်စဉ်ကတည်းက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း “ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်’’ ဟု ကတိခံဝန်ချက်လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များလိုအပ်လျက်ရှိခြင်းကြောင့် အဆိုပါ ၁,၂၂၂ ဦး သည် သင်တန်းတက်ရောက်စဉ်က ချုပ်ဆိုခဲ့သည့် ကတိခံဝန်ချက်အတိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ် မပျက်မကွက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)