Connect with us

Education & Health

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ကျောင်းသူဦးရေ ၁၇၉,၀၀၀ ကျော် ရှိ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာနေ့ ဖြေဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် (အ.ထ.က ၄) ကျောင်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၉,၆၄၉ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ မှ ဒုတိယအဖွဲ့ခေါင်းဆောင်ဦးသက်ဆွေက ဆင်ဟွာသို့ ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြောသည်။
၂၀၂၂-၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် မတ် ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ တို့ကို ဖြေဆိုရမည်ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် မြန်မာနိုင်ငံရှိ အခြေခံပညာရေးသင်ရိုးဟောင်း၊ စနစ်ဟောင်း ကျောင်းသား၊ ကျောင်းသူများအတွက် နောက်ဆုံးအကြိမ်ဖြစ်ပြီး လာမည့် ပညာသင်နှစ်မှ စတင်ကာ စနစ်သစ်၊သင်ရိုးသစ် ဖြင့် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား စုစုပေါင်း ၂၈၁,၇၅၁ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၄၆. ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)