Environment, Disasters & Accidents
လေဖိအားနည်းရပ်ဝန်း မြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်ကျော်ဝင်ရောက်
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းသိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်မှာ (၉)ပေမှ (၁၂)ပေခန့် အထိ ရှိနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)