Connect with us

Environment, Disasters & Accidents

အပူပိုင်း မုန်တိုင်းငယ် အရှိန်ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၇ ခုတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်အား တွေ့ ရစဉ်(ဓာတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်(Tropical Depression)၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲမှ နောက်(၂၄)နာရီအတွင်း တိုင်းဒေသကြီး/ပြည်နယ် ၇ ခုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထူးခြား မိုးလေဝသ အခြေအနေ သတင်း ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး/ပြည်နယ် ၇ ခုမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့ဖြစ်ကြောင်း သိရသည်။ထို့အတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်သည် အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၏ အရှေ့တောင်ဘက် မိုင်(၁၃၀)ခန့်၊ ပရာချရက်ခိရီခန်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၃၅)မိုင် ခန့်၊ မြန်မာနိုင်ငံ၊ မြိတ်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၂၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ယနေ့ ညပိုင်းတွင် ပရာချရက်ခိရီခန်မြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ကာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။(Xinhua)