Connect with us

Environment, Disasters & Accidents

ငလျင်ကြောင့် ပုဂံတွင် ဘုရားပုထိုး ၆၅ ဆူ ထိခိုက်မှုရှိ

ပုဂံဘုရားများငလျင်ကြောင့်ပြိုကျပျက်စီးနေပုံ(ဓါတ်ပုံ- MOI)

မန္တလေး ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ယနေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့သော အင်းအား ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံဒေသတွင် ညနေ ၆ နာရီ ၁၀ မိနစ်အထိ စာရင်းကောက်ခံချက်အရ ဘုရားပုထိုး ၆၅ ဆူထိခိုက်မှုရှိခဲ့ပြီး အခြားထိခိုက်ပျက်စီမှုများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

“စူဠာမဏိဘုရားရဲ့ ကွမ်းတောင်း ပြိုကျတယ်၊ အပယ်ရတနာဘုရား ထိပ်ပိုင်းပြိုတယ်။ မြောက်ဂူနီ ဘုရား ထိပ်ပိုင်း ပြိုတယ်။ အာနန္ဒာတို့ဂေါ့တော့ပလ္လင် တို့လည်း နည်းနည်းပါးပါး ပြိုကျတယ်။ ဓမ္မရံကြီးဘုရားကတော့ မုခ်ပေါက်က တချို့အုတ်တွေ ပြိုကျတယ်၊ မုခ်ပေါက်အောက်မှာ အုတ်ခဲတွေ ပြန့်ကျဲနေတယ်။ အဆိုးဆုံးကတော့ စူဠာမဏိရယ်၊ ရွှေကန္နားကြီးရယ် ပျက်စီးတာ များတယ်။

ပုဂံဘုရားများငလျင်ကြောင့်ပြိုကျပျက်စီးနေပုံ(ဓါတ်ပုံ- MOI)

အခု ပြိုတဲ့ အပိုင်းတွေက ၁၉၇၆ ပုဂံ ငလျင်တုန်းက ရှေးဘုရားတွေပြိုလို့ ပြန်ပြင်ထားတဲ့ အပိုင်းတွေပဲ ပြိုကျတာ။ အဲဒီ အပိုင်းတွေ ပြိုကျတာကြောင့် တန်ဖိုး မဆုံးရှုံးပေမယ့် အဲဒီအပိုင်းက အောက်က ရှေး လက်ရာတွေပေါ်ကျပြီး ပျက်စီးနိုင်တာတွေ ရှိပါတယ်။
အခုက ရှေးဘုရားတွေ ပြိုတာ။ အရှေ ့ဖက်လိပ်၊ အနောက်ဖက်လိပ်၊ ဆင်ဖြူရှင် ဘုရားအုပ်စုတွေလည်း ပျက်စီးတယ်။

ဒီလိုပြိုကျတာဟာ အခုလို UNESCO တင်ဖို့စီစဉ်နေချိန်မှာ ဖြစ်ရတော့ မြန်မာနိုင်ငံအတွက် အတော် ဝမ်းနည်းစရာ ကောင်းပါတယ်” ဟု မြန်မာ့ရှေးဟောင်း ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ)က ဆင်ဟွာသို့ပြောသည်။

အဆိုပါ အင်အားပြင်း ထန်သောမြေငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးမြို့ရှိ ထီးလို မင်းလိုစေတီတော်ထီးတော်ပြိုကျခြင်း၊ ဓမ္မရံ ကြီးဘုရားမုဒ်ဦးပြိုကျခြင်း၊ ငါးမျက်နှာ ဘုရားအပျက်အစီးအနည်းငယ်ရှိခြင်း၊ ဘုရားအမှတ် ၁၆၁၆ ပျက်စီးခြင်း၊ ခေမိန္ဒ ဘုရားပျက်စီးခြင်း၊ မြစေတီစိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေကွာကျခြင်း၊ တဘက်ကျစေတီထီးတော်မြေခခြင်းနှင့် အမည်မသိဘုရားအချို့ ပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ကနဦး သတင်း ထုတ်ပြန်ခဲ့သည်။

ယနေ့ ညနေ ၅နာရီ ၄ မိနစ် ၅၅ စက္ကန့်အချိန်တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ခတ်သွားခဲ့သည်။ (Xinhua)