Connect with us

Environment, Disasters & Accidents

မိုးခေါင်ရေရှားမှုကို ဖြေရှင်းပေးရန် ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံသို့ အကူအညီ တောင်းခံ

လျန်ချန်း-မဲခေါင်ဒေသပြမြေပုံ (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုငံ ပေကျင်း တွင် မတ်လ ၁၅ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် မကြာသေးမီက ဗီယက်နမ် နိုင်ငံက မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသ မိုးခေါင်ရေရှားမှုကို ကူညီဖြေရှင်းပေးရန် အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကျင်ဟုန် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ရေတမံမှ ရေများ မဲခေါင်ဒေသအတွင်း လွှတ်ပေးရန် အကူအညီ တောင်းခံခဲ့မှု အပေါ် မည်ကဲ့သို့ တုန့်ပြန်မည်နည်းဟု မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့ မေးမြန်းခဲ့မှုအပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက မဲခေါင်မြစ်ဝှမ်း တလျှောက်နိုင်ငံများမှာ တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကောင်းများ ဖြစ်သည့်အလျောက် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားဆိုသလို အခက်အခဲ ကြုံတွေ့တဲ့ အခါတိုင်း မိတ်ဆွေများကဲ့သို့ မေတ္တာနှင့် အချင်းချင်း ရိုင်းပင်း ကူညီခြင်းမှာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် နှစ်ကုန်ကစပြီး အယ်နီညို ရာသီဥတုကြောင့် မဲခေါင်မြစ်ဝှမ်း တလျှောက် နိုင်ငံများတွင် မိုးခေါင်ရေရှားဒဏ် အနည်းနှင့် အများ ခံစားနေရသဖြင့် နိုင်ငံအသီးသီးမှ ပြည်သူလူထုတို့၏ နေထိုင်မှုဘဝအတွက် အများကြီး ထိခိုက်စေခဲ့ကြောင်း၊ အဆိုပါ နိုင်ငံများ မိုးခေါင်ရေရှားမှုကို ရင်ဆိုင်ကူညီ ဖြေရှင်းပေးနိုင်ရန် တရုတ်နိုင်ငံ အစိုးရဟာ မိမိအခက်အခဲကို လျစ်လျုရှုကာ မတ်လ ၁၅ ရက်မှ ဧပြီလ ၁၀ ရက်အထိ တရုတ် နိုင်ငံ အတွင်းရှိ ကျင်ဟုန် ရေအားလျှပ်စစ် စခန်းမှ တစ်ဆင့် မဲခေါင်မြစ် အောက်ပိုင်းအတွက် အရေးပေါ် ရေဖြည့်ပေးမည်ဟု ဆုံးဖြတ်ထားကြောင်း၊ ၎င်းက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ၏ မိုးခေါင် ရေရှားမှုဒဏ်ကို လျော့ပါးစေနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တဆက်တည်းပင် ၎င်းက တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများနှင့်အတူ တက်ကြွစွာဖြင့် မဲခေါင်မြစ် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ထုတ်နိုင်ရန် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရေအရင်းအမြစ် စီမံခန့်ခွဲ ခြင်းအတွက် ပူးပေါင်းဆောင်ရွက်မှုသည် ၎င်းအစီအစဉ် အကောင်အထည် ဖော်နိုင်ရေး အတွက် အဓိကအချက် တစ်ချက် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် မဲခေါင်မြစ် ပူးပေါင်းရေး အစီအစဉ်မှ တဆင့် သက်ဆိုင်ရာ နိုင်ငံများနှင့်အတူ ရေအရင်းအမြစ် စီမံခြင်း၊ ဘေးအန္တရာယ် ရင်ဆိုင်ရာတွင် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခြင်း တို့ကို လက်တွေ့ကျကျ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ရာ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်ရှိ ပြည်သူများ အတွက် ပိုမို အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ (Xinhua)