Connect with us

Environment, Disasters & Accidents

မိုးရွားသွန်းမှုပုံစံပြောင်းလဲ၊ ရေကြီးရေလျှံမှုများ ၃ နှစ်ဆက်တိုက်ဖြစ်ပွား


ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် သုံးနှစ်ဆက်တိုက်မိုးရွာသွန်းမှုများ ၍ နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၊ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့ အထိ ရေကြီးရေလျှံမှုများကြောင့် စုစုပေါင်း အိမ်ထောင်စု ၆၃၅၅၂ စု၊ လူဦးရေ ၂၆၀,၇၇၂ ဦး ခေတ္တပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

ဒေါ်အေးအေးသန်းက “ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ မိုးရွာသွန်းမှု ပုံစံက ပြောင်းလဲလာခဲ့တယ်။ ၂၀၁၅ ကနေ ၂၀၁၇ အထိ ဆိုရင် ၃ နှစ်ဆက်တိုက် ရေကြီးတာတွေ ဖြစ်ခဲ့တယ်။ မိုးရွာသွန်းမှု မမှန်တဲ့အတွက် မြစ်ရေ တွေကြီးတယ်။ မြစ်ကမ်းအနီးနေထိုင်သူတွေက ရေကြီးရေလျှံမှုတွေ ခံစားရတယ်’’ ဟုပြောသည်။

ရေကြီးမှုကြောင့် လူနေအိမ်ခြေများသို့ရေများဝင်ရောက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)

မိုးဘာလို့များ

လွန်ခဲ့သည့် လေးငါးဆယ်နှစ်နှင့် ယှဉ်ပါက ယခုနောက်ပိုင်း မိုးပိုများလာခဲ့ကြောင်း သိရသည်။ ယခုနှစ်သည်၂၀၁၅ ခုနှစ် ၊ ၂၀၁၆ ခုနှစ်တို့ နှင့် ယှဉ်ပါက မိုးရွာသွန်းမှု နည်းကြောင်း ၊ ၂၀၁၅ ခုနှစ် သည် မိုးရွာသွန်းမှု အများဆုံး နှစ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

ဒေါ်အေးအေးသန်းက “ ၂၀၁၅ ခုနှစ်မှာဆိုရင် ဧရာဝတီအောက်ပိုင်းနဲ့ ချင်းတွင်းအောက်ပိုင်းပေါ့နော် Record (စံချိန်) တော်တော်များများကျိုးတယ်။ ၂၀၁၆ မှာဆိုရင်လဲ ဒီလိုပဲ Record ကျိုးတယ်။ ဒီနှစ်ကတော့ Record ဝင်လောက်အောင်တော့ မဖြစ်ပေမယ့် မုံရွာဆိုရင် မိုးရေချိန် စတုတ္ထ အမြင့်ဆုံးတော့ဖြစ်ခဲ့တယ်။’’ ဟုပြောသည်။

မြစ်ရေကြီးမှု များသည် များသောအားဖြင့့် မိုးလယ် ကာလဖြစ်သည့် ဇူလိုင်၊ သြဂုတ်လများတွင် မြစ်အားလုံး ရေကြီးမှုများ ဖြစ်လေ့ဖြစ်ထရှိကြောင်း၊ စက်တင်ဘာလ ကဲ့သို့ မိုးနှောင်းကာလ တွင် မြစ်ရေကြီးမှုသည် ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် ဖြစ်ဖူးကြောင်း၊ မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်တို့ တွင် မုန်တိုင်းများ ဖြစ်၍ ထို မုန်တိုင်းများသည် မိမိနိုင်ငံဘက်ကိုဦးလှည့်မှုများခဲ့လျှင် မိုးများပြီး မြစ်ရေကြီးခြင်း ဖြစ်လေ့ဖြစ်ထရှိတတ်ကြောင်း သိရသည်။

“အခု လတ်တလော သြဂုတ်မှာကြီးတဲ့ရေက ဇူလိုင်ထက်တော့ အများကြီးကျော်မှာတော့မဟုတ်ဘူး။ ဧရာဝတီ၊ချင်းတွင်း၊ သံလွင်၊ ဒုဋ္ဌဝတီ တွေ ကမြစ်ရေမြင့်တက်နေတာဖြစ်တယ်။ ဒီနှစ်က တစ်လလုံးမိုးရေချိန်ပမာဏ ကိုကြည့်ရင်တော့ သိသိသာသာကြီးများသွားတာတော့ မရှိဘူးပေါ့နော်။၂၀၁၅ တုန်းက ဇူလိုင်မှာဆိုရင် မိုးရေချိန်များခဲ့တယ်။ ချင်းတွင်းတစ်ကြောမှာ တော်တော် စံချိန်တင်ခဲ့တယ်။ ၂၀၁၅ မှာတော်တော်ရေကြီးခဲ့တယ်။ ဒီလ မှာ တချို့ စခန်းတွေမှာ ပျမ်းမျှမိုးရေချိန်ပဲရှိခဲ့တယ်။ တချို့ စခန်းတွေမှာတော့ ပျမ်းမျှမိုးရေချိန်ထက် နည်းနည်းပိုတာတော့ ရှိတယ်။’’ ဟုဒေါ်အေးအေးသန်းက ပြောသည်။

ရေတွေကြီး

ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် ၊ ဒုဋ္ဌဝတီ၊ မြစ်များသည် မြစ်ရေများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့ အထိ လူဦးရေ ၂၆၀,၇၇၂ ဦး ရေဘေးခံစားရလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်သည့်စာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနသာၤရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရသိရသည်။

ရေကြီးမှုကြောင့် လူနေအိမ်ခြေများသို့ရေများဝင်ရောက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)

မိုးဇလ ၏ မြစ်ရေ ခန့်မှန်းချက်အားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

ရေဘေးသင့်ဒေသများ

ဇူလိုင် ၁ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့ အထိ ထုတ်ပြန်သည့် စာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီးမြို့၌ ပြောင်းရွှေ့ အိမ်ထောင်စု ၇၄၀၊ လူဦးရေ ၃၃၆၇ယောက်၊ ဟုမ္မလင်း မြို့၌ ပြောင်းရွှေ့ အိမ်ထောင်စု၂၆၇ယောက်၊ လူဦးရေ ၁၅၇၇ယောက် ၊ ကသာမြို့၌ ပြောင်းရွှေ့ အိမ်ထောင်စု ၃၁၁၊ လူဦးရေ ၁၄၅၈ယောက်၊ မော်လိုက်မြို့၌ ပြောင်းရွှေ့ အိမ်ထောင်စု ၁၉၄ ၊ လူဦးရေ ၉၆၄ယောက်၊ ဖောင်းပြင်တွင် ပြောင်းရွှေ့ အိမ်ထောင်စု၂၁၂၊ လူဦးရေ၁၀၈၈ယောက် ၊ စစ်ကိုင်းမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၇၈၀၊လူဦးရေ ၃၅၁၀ယောက် ၊ ထီးချိုင့်မြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၃၇၉၊ လူဦးရေ ၁၆၇၁ယောက် ၊ ကလေးဝမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၁၀၁၊ လူဦးရေ ၄၆၇ယောက် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းပြောင်းရွှေ့အိမ်ထောင်စု ၂၉၈၄ စုရှိပြီး ၊လူဦးရေ ၁၁၄,၁၀၂ ရေဘေးခံစားနေရကြောင်း၊ မကွေးတိုင်းဒေသကြီး တွင် ရေစကြို မြို့၌ ပြောင်းရွှေ့ အိမ်ထောင်စု ၆၂၅၊ လူဦးရေ၂၇၁၀ယောက် ၊ပခုက္ကူ မြို့ တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၄၄၇၉ ၊ လူဦးရေ ၂၀၄၃၈ယောက် ရှိပြီး မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်း ပြောင်းရွှေ့ အိမ်ထောင်စု ၅၁၀၄ စုရှိပြီး ၊ လူဦးရေ ၂၁,၀၆၃ ယောက် ရေဘေးခံစားနေရကြောင်း၊ မန္တလေးတိုင်းဒေသကြီး တွင် စဉ့်ကူးမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၆၀၊လူဦးရေ ၂၅၅ ယောက် ၊ သပိတ်ကျင်းမြို့တွင် ပြောင်းရွှေ့အိမ်ထောင်စု ၃၇၁၊လူဦးရေ ၁၇၀၇ ယောက်၊ တံတားဦးမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၁၈၈၁၊လူဦးရေ ၇၄၀၆ယောက်၊ စဉ့်ကိုင်မြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၂၇၁၊ လူဦးရေ ၁၀၈၉ ယောက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်းပြောင်းရွှေ့အိမ်ထောင်စု ၂၅၈၃ ရှိပြီး၊ လူဦးရေ ၁၀,၄၅၇ ဦးရေဘေးခံစားနေရကြောင်း၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၄၁၊ လူဦးရေ ၂၁၄ယောက်၊ ဗန်းမော် မြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၂၂၀၊ လူဦးရေ ၉၁၁ယောက်၊ ရွှေကူမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၈၂၊ လူဦးရေ ၄၂၃ယောက် ၊ ဆင်ဘိုမြို့တွင် ပြောင်းရွှေ့ အိမ်ထောင်စု ၂၅ ၊ လူဦးရေ ၁၀၄ ယောက် ကချင်ပြည်နယ်တွင် စုစုပေါင်း ပြောင်းရွှေ့ အိမ်ထောင်စု ၃၆၈၊ လူဦးရေ ၁၆၅၂ ယောက် ရေဘေးခံစားရလျက်ရှိကြောင်း ၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်လည်း ရေဘေးကြောင့်ခေတ္တပြောင်းရွှေ့နေထိုင်ရသူများရှိကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ထွေးကြည်က ဆိုသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ထွေးကြည် က “တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေကြီးတာလည်း ရှိတယ်။ တချို့ ရေဘေးရှောင် ပြည်သူတွေအနေနဲ့ နေရပ်ကို ပြန်သွားကြတာတွေ လည်းရှိပါတယ်။ မိုးကြိုကာလ (ဇွန်)၊ဇူလိုင်-သြဂုတ် (မိုးလယ်)၊အောက်တိုဘာ (မိုးနှောင်း) သုံးကြိမ်တက်လေ့ရှိတယ်။မြစ်ကမ်းအနီး နေထိုင်ကြသူတွေ အနေနဲ့ အောက်တိုဘာ လအထိတော့ သတိပြုသင့်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ကူညီမှုများ

ရေဘေးကြောင့်ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် အိမ်ထောင်စုများအား လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ထောက်ပံ့မှုများပြုလုပ်လျက်ရှိကြောင်း၊ သြဂုတ်လ ၂၂ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး သို့ ကျပ်သိန်းပေါင်း ၁၁၀,၆၅၆,၇၆၈ ၊ ချင်းပြည်နယ်သို့ ကျပ်သိန်း ၆၀၀,၀၀၀၊ မကွေးတိုင်းဒေသကြီးတွင် ကျပ်သိန်းပေါင်း ၉၇,၅၁၂,၉၀၀ ၊ ပဲခူးတိုင်းဒေသကြီးသို့ ကျပ်သိန်းပေါင်း ၂၃,၆၉၅, ၆၀၀ ၊ ကရင်ပြည်နယ် သို့ ကျပ်သိန်းပေါင်း ၅,၃၂၅,၀၀၀ ၊ ဧရာဝတီတိုင်းဒေသကြီးသို့ ကျပ်သိန်းပေါင်း ၇၄,၃၃၇,၇၀၀ ၊ မွန်ပြည်နယ်သို့ ကျပ်သိန်းပေါင်း ၁၀,၆၈၀,၇၅၀ ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် သို့ ကျပ်သိန်းပေါင်း ၁,၃၅၄,၁၁၀၊ ရခိုင်ပြည်နယ် သို့ ကျပ်သိန်းပေါင်း ၄,၇၀၇,၀၀၁၊ ရှမ်းပြည်နယ်သို့ ကျပ်သိန်း ၃၀၀,၀၀၀၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ်သိန်းပေါင်း ၁,၄၄၀,၅၄၀၊ တနသာၤရီတိုင်းဒေသကြီးတွင် ကျပ်သိန်းပေါင်း ၃,၀၃၅,၅၅၀၊ ကချင်ပြည်နယ် သို့ ကျပ်သိန်းပေါင်း ၆,၆၁၀,၉၅၀ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့ အခြေအနေအရ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် တနသာၤရီတိုင်းဒေသကြီးများတွင် ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းပြီးဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း တချို့ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.