Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်၌ ဒီရေတော ဧက ၁၂၀၀ ကျော် စိုက်ပျိုးရန် စီစဉ်

ခြောက်နှစ်သက်တမ်းရှိ ဒီရေတော စိုက်ခင်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၌ ဒီရေတောစိုက်ခင်း ဧက ၁၂၃၀ ကို ဆယ်နှစ်စီမံကိန်း အဖြစ်စိုက်ပျိုးရန် စီစဉ်နေကြောင်း အမျိုးသားလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးအုန်းဝင်းက ပြောကြားသည်။

ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင် ဝမ်ဗိုက် ကြိုးဝိုင်းနှင့် မင်းကြောင်း ကြိုးပြင် ကာကွယ်တော အတွင်း ၂၀၀၇-၂၀၀၈ ခုနှစ်မှစတင်၍ ၂၀၁၆-၂၀၁၇ ခုနှစ်ထိ ဒီရေတော စိုက်ခင်း ၁၉၅၀ ဧက တည်ထောင် စိုက်ပျိုးခဲ့ပြီး၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်ထိ (၁၀) နှစ် စီမံကိန်းတွင် ဒီရေတော စိုက်ခင်း (၁၂၃၀) ဧက တည်ထောင် စိုက်ပျိုးရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဒီရေတော စိုက်ခင်း တည်ထောင်ခြင်း သာမက ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးတွင် သဘာ၀ ပတ်ဝန်းကျင် မပျက်စီးစေရေးနှင့် ဒီရေတောများ မပျက်စီးစေရေး အတွက် ရခိုင်ပြည် နယ်၊ စစ်တွေခရိုင်တွင် ဒီရေတော စုစုပေါင်း ၄၀၅၀၀ဧက တိုးချဲ့ ဖွဲ့စည်းရန်နှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် စစ်တွေခရိုင်နှင့် သံတွဲခရိုင်တို့တွင် ဒီရေတော စုစုပေါင်း ၄၂၀၅ ဒသမ ၄၁ ဧက တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ပျက်စီး ပြုန်းတီးသွားသော ဒီရေတောများ အပါအဝင် သစ်တောမြေ အတွင်း ဒေသခံ ပြည်သူများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည့် ယာမြေများတွင် သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းကို ၂၀၁၇- ၂၀၁၈ မှ ၂၀၂၁- ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၃၀၉၀ ဒသမ ၅၁ ဧက အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသရှိ ပြုန်းတီး သွားသည့် ဒီရေတောများ နေရာ၌ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများကို မြန်မာ့ သစ်တော မူဝါဒ ၁၉၉၅ နှင့်အညီ အနာဂတ်တွင် တည်ထောင် ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ ဦးမောင်ကျော်ဇံ မေးမြန်းသော “ရခိုင်ပြည်နယ် အတွင်း ပြုန်းတီး သွားသည့် ဒီရေတောများ နေရာတွင် ဒေသခံပြည်သူအစုဖွဲ့ပိုင် သစ်တောစိုက်ခင်းများကို မြန်မာ့ သစ်တောမူဝါဒ ၁၉၉၅ နှင့်အညီ အနာဂတ် အတွက် တည်ထောင်ပေးရန် အစီအစဉ် ရှိ/ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။ (Xinhua)