Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင် ၄ ခု၌ မတ်လ ၁ ရက်မှ ၆ ရက်အထိ ရေပြတ်တောက်မှု နှင့် ရေအား လျော့နည်းမှုများ ဖြစ်ပေါ်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့ နယ်တစ်ခုတွင် ရေပြတ်လတ်မှုကြောင့် ရေကို တန်းစီ စောင့်ဆိုင်းနေကြစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ အရှေ့ပိုင်း ခရိုင် ၊ အနောက်ပိုင်း ခရိုင် ၊ တောင်ပိုင်း ခရိုင် နှင့် မြောက်ပိုင်း ခရိုင်တို့တွင် မတ်လ ၁ ရက်မှ ၆ ရက်အထိ ရေပြတ်တောက်မှု နှင့် ရေအား လျော့နည်းမှုများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာဌာန(ရေ နှင့် သန့်ရှင်းမှု)မှ သိရသည်။

အရှေ့ပိုင်း ခရိုင် နှင့် တောင်ပိုင်း ခရိုင် အတွင်းရှိ မြို့နယ် အတော်များများတွင် ရေပြတ်တောက်မှု ကြုံတွေ့ ရမည် ဖြစ်ပြီး မြောက်ပိုင်း ခရိုင် နှင့် အနောက်ပိုင်း ခရိုင်တို့တွင် ရေအား လျော့နည်းမှုများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန(ရေ နှင့် သန့်ရှင်းမှု)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေပြတ်တောက်မှု နှင့် ရေအား လျော့နည်းမှုများ ဖြစ်ပေါ်မည် ဖြစ်သဖြင့် ရေကြိုတင် စုဆောင်း အသုံးပြုနိုင်ရန် နှင့် ရေလိုအပ်ချက် ရှိပါက အရှေ့ပိုင်း ခရိုင်မှူးဖုန်း ၀၉၅၁၈၈၄၂၈ ၊ အနောက်ပိုင်း ခရိုင်မှူးဖုန်း ၀၉၇၃၀၀၀၀၅၈ ၊ တောင်ပိုင်းခရိုင်မှူးဖုန်း ၀၉၅၀၅၄၅၆၅ ၊ မြောက်ပိုင်း ခရိုင်မှူးဖုန်း ၀၉၅၀၈၁၂၂၉ တို့ထံသို့ ဆက်သွယ် တောင်းခံနိုင်ကြောင်း အသိပေး နှိုးဆော်ထားသည်။

ညောင်နှစ်ပင် ရေသန့်စင် စက်ရုံမှ ရေပေးဝေလျက် ရှိသည့် မင်္ဂလာဒုံ ၊ ရွှေပြည်သာ ၊ မြောက်ဥက္ကလာ ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း ၊ တာမွေ ၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ သာကေတ ၊ ဒေါပုံ ၊ မရမ်းကုန်း ၊ ရန်ကင်း ၊ ဗဟန်း ၊ ဒဂုံ ၊ အလုံ ၊ စမ်းချောင်း ၊ ကြည့်မြင်တိုင် နှင့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ရေပြတ်တောက်မှု နှင့် ရေအား လျော့နည်းမှုများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ဆည်မြောင်း နှင့် ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာနပိုင် ဝါးဒလယ် ကွန်ကရစ် ရေတံလျှောက် အထွက်မြောင်း ကြံ့ခိုင်မှု ဆောင်ရွက်မည့် လုပ်ငန်းအား မတ်လ ၁ ရက်မှ ၆ ရက်နေ့အတွင်း ဆောင်ရွက်မည် ဖြစ်သဖြင့် ထိုသို့ဆောင်ရွက်စဉ် ကာလအတွင်း ညောင်နှစ်ပင် ရေသန့်စင် စက်ရုံသို့ရေဝင်ရောက်မှု ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)