Connect with us

Social

၂၀၂၁ ခုနှစ် နွေရာသီ၌ ရေပြတ်လပ်မှု မရှိစေရေးအတွက် ငွေကျပ်၂၄.၅ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ရေကန်မှ ရေခပ်ယူနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ် နွေရာသီ၌ ရေပြတ်လပ်မှု မရှိစေရေးအတွက် မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်ပေါင်း ၁၇၆ မြို့နယ်၊ ကျေးရွာပေါင်း ၁၄၇၆ ရွာ၌ ရေးပေးဝေလုပ်ငန်းပေါင်း ၁၅၀၁ ခုအတွက် မူလဘတ်ဂျက်အနေဖြင့် ငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံဖြင့် ဆောင်ရွက်သွားရန်တင်ဒါခေါ်ထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ဆင်ဟွာသို့ ဇန်နဝါရီ ၁၅ ရက်တွင်ပြောသည်။

“မူလဘတ်ဂျက်နဲ့မဟုတ်ဘဲ နောက်ထပ်က ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းအနေနဲ့ ကျေးရွာပေါင်း ၂၄၆ ရွာ၊ လုပ်ငန်းပေါင်း ၂၆၂ ခုက ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်နေပါတယ်။အဲဒါအတွက် ဘတ်ဂျက်က ကျပ် ၁ ဒသမ ၆ ဘီလီယံခန့် အကုန်အကျခံဆောင်ရွက်မှာပါ။ နောက်ပြီး ကျေးရွာပေါင်း ၅၅ ရွာ အတွက် လုပ်ငန်းပေါင်းကို ၅၆ ခု ကို ကျပ်သန်းပေါင်း ၆၀၀ နဲ့ ဆောင်ရွက်နေတာလည်းရှိပါတယ်။ ဒါတွေက မူလဘတ်ဂျက်ဖြစ်တဲ့ ငွေကျပ်၂၄ ဒသမ ၅ ဘီလီယံထဲမှာ မပါပါဘူး’’ ဟု ဦးခန့်ဇော်က ပြောသည်။

၂၀၁၆ ခုနှစ်မှစ၍ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေပြတ်လပ်မှုများနှစ်စဉ်ကြုံတွေ့လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကျေးရွာပေါင်း ၈၆၀ ကိုရေဖြန့်ဝေခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကျေးရွာပေါင်း ၅၂၇ ရွာ ၊ ၂၀၁၈ ခုနှစ်တွင် ကျေးရွာပေါင်း ၁၁၃ ရွာ၊ ၂၀၁၉ ခုနှစ် တွင် ကျေးရွာပေါင်း ၃၈၉ ရွာ၊ ၂၀၂၀ပြည့်နှစ်တွင် ကျေးရွာပေါင်း ၃၀၀ကျော်အား ရေဖြန့်ဝေခဲ့ရကြောင်း သိရသည်။
“ရေဘာကြောင့်ပြတ်လဲဆိုတော့ ရာသီဥတုဖောက်ပြန်ပြီး မြေပေါ်ရေသုံးတဲ့နေရာတွေမှာ ကန်ရေပဲရှိပြီး တွင်းရေမရတဲ့နေရာတွေရှိတယ်။ မနှစ်ကဆိုရင် မိုးနည်းတယ်။ ဒီနှစ်သာ မိုးနောက်ကျရင် စောစောစီးစီးရေပြတ်နိုင်တယ်။ ပြီးတော့ တချို့နေရာတွေမှာ စိမ့်စမ်းရေထွက်တဲ့နေရာတွေက မိုးနည်းတဲ့ အတွက် ရေထွက်နည်းတာတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ရေပြတ်တာတွေဖြစ်ရတာပါ’’ ဟု၎င်းကဆက်ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ရေပြတ်လပ်မှုမှာ နေရာဒေသပေါ်မူတည်၍ ဖြစ်ပွားကြောင်း ဆိုသည်။ အပူပြင်းဆုံးအချိန်ဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများတွင် ရေပြတ်လပ်လေ့ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ဘက်ရှိ ကျေးရွာတချို့ ယခုဇန်နဝါရီလတွင် စတင်ရေပေးဝေနေရပြီဖြစ်ကြောင်းဆိုသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117