Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု (၃၆)မှုဖြစ် ပွားခဲ့ပြီး (၁၂)ဦး သေဆုံးခဲ့

၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၅) ရက်နေ့ နံနက်(၀၄း၄၅)ချိန် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၆၂/၃-၄) တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon-Mandalay Expressway)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု (၃၆)မှုဖြစ် ပွားခဲ့ပြီး အမျိုးသား(၅)ဦး၊ အမျိုးသမီး(ရ)ဦး စုစုပေါင်း (၁၂)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့လ က သေဆုံးသူစာရင်းမှာ ကားတစ်စီးက မီးလောင်ပြီး လူ၈ယောက်သေဆုံးခဲ့တယ်။ ဒါကြောင့် သေဆုံးသူဦးရေ က များခဲ့တာပါ။’’ ဟုဆင်ဟွာကိုပြောသည်။

အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု အများစုသည် ယာဉ်မောင်းသူ အိပ်ငိုက်ခြင်း နှင့် မော်တော်ကား၏ over speed (သတ်မှတ်နှုန်းထက်အရှိန်မြင့်မောင်းနှင်ခြင်း) တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်းတွင် မကြာခဏ ယာဉ်မတော်တဆဖြစ်တတ်သည့်နေရာများအား Black Spot ဟူ၍ သတ်မှတ်ထားပြီး၊ Black Spot ပေါင်း ၂၂ နေရာ ရှိခဲ့ကြောင်း သိရသည်။

၎င်းတာဝန်ရှိသူကပင် “ ကျွန်တော်တို့အဲဒီ ၂၂ နေရာကို ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ အရှိန်များတတ်တဲ့နေရာဆိုရင် အရှိန်လျှော့ဖို့ သင်္ကေတ တွေ လုပ်ပေးတယ်။ ဆိုလာအချက်ပြမီးတွေ တပ်ဆင်ပေးတယ်။ ရွာထဲက ဝင်လာတဲ့ ဆိုက်ကယ်ကြောင့် ဖြစ်တဲ့နေရာမျိုးဆိုရင် ဆိုက်ကယ်တွေကို မဝင်ခိုင်းတော့တာမျိုး၊ ခြံစည်းရိုးကာတာမျိုးတွေလုပ်ခဲ့တယ်။ အဲဒီလို လုပ်တဲ့အခါမှာ အဲဒီနေရာတွေက သိသိသာသာ ယာဉ်တိုက်မှု နည်းသွားတယ်။ ယာဉ်တိုက်မှုက တခြားနေရာမှာ ပြန်သွားဖြစ်တာ တွေ့ရတယ်’’ ဟုပြောသည်။

ဇန်နဝါရီလတွင် အမြန်လမ်းမကြီးတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိသူ အမျိုးသား(၃၂)ဦး၊ အမျိုးသမီး(၃၃)ဦး စုစုပေါင်း (၆၅)ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးဒဏ်ရာရရှိသူများအား သက်ဆိုင်ရာအမြန် လမ်းရဲတပ်ဖွဲ့စခန်းအပိုင် မော်တော်ယာဉ်များဖြင့် နီးစပ်ရာ တိုက်နယ်ဆေးရုံ၊ မြို့နယ် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသည်။ အဆိုပါ ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းများ မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်မှုများကြောင့် ဖြစ်ရခြင်းဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာအပိုင် ရဲစခန်းများက အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အမြန်လမ်းတစ်လျှောက်တွင် ယာဉ်အန္တရာယ်လျော့နည်းရေးအတွက် အရှိန်နှုန်းတိုင်း ကိရိယာ များနှင့် တိုင်းတာ၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင် သော မော်တော်ယာဉ်များကို ဖမ်းဆီး အရေး ယူခြင်းကို နေ့ရော ညပါ ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ထိုင်ခုံခါးပတ် မပတ်ခြင်း၊ အမြန်လမ်း ပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ဆိုက်တွဲယာဉ်များ တက်ရောက် မမောင်းရေး၊ကျွဲနွားများ မတက်ရောက် စေရေး စသည် ဖြင့် ပညာပေး လုပ်ငန်း များကို အခါအားလျော်စွာ ဆောင်ရွက်သွားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.