Connect with us

Environment, Disasters & Accidents

လာက်ကိုင်မြို့တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ် တစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၁)၊ ကြယ်စင် လမ်းမပေါ်၌ ရပ်တန့်ထားသည့် Mark II အဖြူရောင် မော်တော်ယာဉ်သည် ယနေ့ ဇန်နဝါရီ ၆ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့ရာ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းရာနေရာ ဝန်းကျင်၌ တပ်ဆင်ထားသည့် လုံခြုံရေး CCTV ကင်မရာမှတ်တမ်းများ စစ်ဆေးချက်အရ ၎င်းမော်တော်ယာဉ်သည် မပေါက်ကွဲမီ တစ်နာရီခွဲခန့် အလိုတွင် လာရောက်ရပ်တန့်ကြောင်း၊ ၎င်းနောက် ယာဉ်မောင်းသည် ယာဉ်နောက်ခန်းသို့ ၁၀ မိနစ်ခန့်ဝင်ရောက်ပြီး အနီးရှိ Honda Fit အမျိုးအစား အငှားယာဉ် တစ်စီးအား ငှားရမ်း၍ မြို့တွင်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ထိုမှတ်တမ်းများ အရ တရားခံအားဖမ်းဆီးနိုင်ရေး ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)