Connect with us

Environment, Disasters & Accidents

သဘာဝဘေးဒဏ်သင့် သူတို့အား အမြန်ကူညီနိုင်မည့် နည်းပညာသစ် စတင် အသုံးပြုနိုင်ပြီ

သဘာဝဘေးဒဏ်သင့်သူများအား အမြန်ဆုံးကူညီနိုင်မည့် KOBO Mobile Application မိတ်ဆက်ပွဲတွင် လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှု ကနဦး စာရင်းအား KOBO Mobile Application ကို အသုံးပြု ရယူပြီး လိုအပ်သည့် အကူအညီများကို အမြန်ပံ့ပိုးနိုင်သည့် နည်းပညာ အသစ်ကို ယခု စတင် အသုံးပြုနိုင်ပြီဟု လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ကျင်းပသည့် အဆိုပါ KOBO Application မိတ်ဆက်ပွဲတွင် ပြောကြားသည်။

KOBO toolbox ခေါ် KOBO Mobile Application ကို Harvard humanitarian Initiative မှ သုတေသန ပညာရှင်များက တီထွင်ခဲ့ပြီး UNOCHA နှင့် International Rescue Committee (IRC) တို့က လိုအပ်သည့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လူတိုင်း အခမဲ့ ရယူ အသုံးပြုနိုင်သည့် နည်းပညာ ဆိုင်ရာ platform တစ်ခုဖြစ်ကြောင်း၊ KOBO ဟူသည့် စကားလုံးမှာ တောင် ဆူဒန်နိုင်ငံရှိ တိုင်းရင်းသားတို့၏ ဝေါဟာရ ဖြစ်ပြီး သတင်းအချက်အလက်များ လွှဲပြောင်း ပေးပို့ခြင်း (Transfer) ဟု အဓိပ္ပါယ်ရကြောင်းလည်း ဒေါက်တာ ဝင်းမြတ်အေးက ရှင်းလင်း ပြောကြားသည်။
အဆိုပါ Application သည် ပြည်ထောင်စု အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်ပြီး ၎င်းကို ထိရောက်စွာ အသုံးပြုနိုင်ရန် သင်တန်းများ ပို့ချခြင်းကို UNOCHA နှင့် ပူးပေါင်းကာ နှစ်လတာ အချိန်ယူ ဆောင်ရွက်ခဲ့သည်။
“ ဧပြီလ ၃၀ ရက်က စပြီး သင်တန်းတွေ ပေးခဲ့ပါတယ်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်လွယ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးတွေမှာ သာမက မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်နဲ့မွန်ပြည်နယ် မော်လမြိုင်တို့မှာလည်း သင်တန်းတွေ ပို့ချပြီးပါပြီ။ ဒီ KOBO Application ကို အခုက စပြီး သုံးနိုင်ပါပြီ” ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန၊ သုတေသန ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးသွယ်က ဆင်ဟွာကို ပြောသည်။ အဆိုပါ Application နှင့်ပတ်သက်၍ အသေးစိတ် သိလိုသည်များကို ၀၆၇ ၄၀၄၀၄၉ သို့ မေးမြန်းနိုင်ကြောင်း သိရသည်။
သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံး ပျက်စီးခဲ့မှုများတွင် UNESCAP Source အရ ၂၀၁၅ ၌ တစ်ကမ္ဘာလုံးတွင် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း အပါအဝင် သဘာဝဘေး အကြိမ်ပေါင်း ၁၆၀ ကြုံခဲ့ပြီး လူပေါင်း ၁၆,၀၄၆ ဦး သေဆုံးခဲ့ကာ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၄၅.၁ ဘီလီယံ ရှိခဲ့ပြီး ထိုဘေးဒဏ်ကို ခံစားနေရသူ ဦးရေမှာ ၅၉.၃ သန်းရှိခဲ့သည်။
နေပြည်တော်၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၉ း ၀၀ နာရီ၌ ပြုလုပ်ခဲ့သော KOBO Application မိတ်ဆက်ပွဲသို့ ထို application ကို အသုံးပြုကြမည့် ဆက်စပ် ဝန်ကြီးဌာနများမှ အရာရှိများနှင့် အတူ ကုလသမဂ္ဂ လူသားချင်း စာနာ ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) မှ ဌာနေ ကိုယ်စားလှယ် Mr. Mark Cutts လည်း တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.