Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းနိုင်၍ ရေကြီး ၊ မြေပြိုမှုများ အထူး ဂရုပြု နေထိုင်ကြရန် မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် သတိပေး

ရက်တစ်ပတ်အတွင်း မိုးရွာသွန်းနိုင်မှု ခန့်မှန်း အခြေအနေ ပြသထားမှုအား တွေ့ရစဉ် (ဓာတ်ပုံ-Tun Lwin)

ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

လာမည့် ရက်တစ်ပတ် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကုန်းမြင့်ဒေသတွင် နေထိုင်ကြသူများ တောင်ကျရေများ ၊ လျှပ်တပြက် ရေကြီးမှုများ ၊ မြေပြိုမှု များကို အထူး ဂရုပြု နေထိုင်ကြရန် လိုအပ်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ထံမှ သိရသည်။

မိုးကြီးမည့် သတိပေးချက် အနေဖြင့် ဇူလိုင်လ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် တောင်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် တို့တွင် ဒေသအလိုက် နှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနေကြောင်း ၊ မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ် ၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင်‌့ ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည် ဖြစ်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ကြောင်း ၊ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ရက်တစ်ပတ်အတွင်း မိုးရွာသွန်းနိုင်မှု ခန့်မှန်းရာတွင် မိုးရွာသွန်းနိုင်မည့် မိုးရေချိန်ပမာဏမှာ ရခိုင် ပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် တောင်ပိုင်း ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် တို့တွင် မိုးရေချိန် ၁၂-၂၀ လက်မ အထိ ရှိနိုင်ပြီး ချင်းပြည်နယ် မြောက်ပိုင်း ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် တို့တွင် မိုးရေချိန် ၆-၁၂ လက်မ အထိ ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ထံမှ သိရသည်။ (Xinhua)