Connect with us

Environment, Disasters & Accidents

သဘာဝဘေး အန္တရာယ်ကြောင့် နိုင်ငံ၏ ခရီးသွား လုပ်ငန်း ထိခိုက်မှု မရှိဟုဆို

ပုဂံ ဒေသ ခရီးသွား လုပ်ငန်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မကြာခင်က ဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ်ကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်မှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ပုဂံ ဒေသ ခရီးသွား လုပ်ငန်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန် ခဲ့သည်။

နိုင်ငံတကာမှ လာရောက် လည်ပတ်သော ခရီးသွား ဧည့်သည်များ ဘေးကင်း လုံခြုံရေး အတွက် ပုဂံဒေသတွင် သာမက အခြားသော ခရီးစဉ် ဒေသများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပုဂံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့သည်။
ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်ထိ ၁ သိန်း ၆ သောင်းကျော် ရှိခဲ့ပြီး ယခင် ၂၀၁၅ ခုနှစ် အလားတူ ကာလတွင် ၁ သိန်း ၅ သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ၊ ခရီးသည် ဝင်ရောက်မှုမှာ ကျဆင်းမှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ဆင်ဟွာသို့ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ထင်ရှားသော ခရီးစဉ် ဒေသ တစ်ခု ဖြစ်သည့် ပုဂံ ရှေးဟောင်း မြို့တော်သည် သြဂုတ်လ အတွင်းက အင်အားပြင်း ငလျင် လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရပြီး ယခုအချိန်တွင် ဘေးကင်း လုံခြုံ စိတ်ချရေး အတွက် အချို့သော ဘုရားများ လေ့လာခွင့်အား ယာယီ တားမြစ်ထားပြီး မကြာခင်တွင် ပြန်လည် ခွင့်ပြုပေးနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ကျန်ဘုရားများကို လေ့လာ လည်ပတ်ခွင့် ပြုထားကြောင်း သိရသည်။
“စက်တင်ဘာလ ၄ ရက်နဲ့၅ ရက်နေ့တွေမှာ ယူနက်စကို (UNESCO) က ပညာရှင်တွေ ရောက်လာမှာ ဖြစ်ပြီး ပုဂံမှာ ရှိတဲ့ ဘုရား၊ ပုထိုး အပိုင်းကဏ္ဍ အလိုက် ပျက်စီးမှုပေါ် မူတည်ပြီးတော့ ယူနက်စကိုက ပညာရှင်တွေနဲ့ဖလှယ်ပြီး ဆောင်ရွက်သွားမယ်။အထင်ကရ အမွေအနှစ်တွေကို ရွေးချယ်ပြီး ကမ္ဘာ့အဆင့် ဆောင်ရွက်သွားမယ်”ဟု ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်သည့် ဒဏ်ကြောင့် ၁၀ ရာစု ၊ ၁၁ ရာစုမှ ဘုရား ပုထိုး စေတီများ ၊ နံရံဆေးရေး ပန်းချီများ ပျက်စီးခဲ့ရပြီး ထင်ရှားသော ဘုရားများ နှင့် အခြားသော ရှေးဟောင်း အဆောက်အဦးများ အပါအဝင် စုစုပေါင်း ၃၉၆ ဆူ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.