Connect with us

Environment, Disasters & Accidents

သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော မွေတော်ကက္ကူ ဘုရားဝင်း အတွင်းရှိ ဘုရားစေတီများအား ရှေးမူမပျက် ပြန်လည် ပြုပြင် တည်ဆောက်သွားမည်

လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုရား စေတီများအား တွေ့ရစဉ် (ဓာတ်ပုံ-သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးသွားသော ရှမ်းပြည်နယ် ၊ မွေတော်ကက္ကူ ဘုရားဝင်း အတွင်းရှိ ဘုရားစေတီများအား ရှေးမူမပျက် ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်၌ ဧပြီလ ၂၂ ရက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကြောင့် မွေတော်ကက္ကူ ဘုရားဝင်း အတွင်းရှိ စေတီအဆူ ရာပေါင်းများစွာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ တိုက်ခတ်ခဲ့သော လေပြင်း အရှိန်ကြောင့် ပျက်စီးမှု မှတ်တမ်း စာရင်းများ အရ အဆူပေါင်း ၈၆၉ ဆူ ဖြစ်ပြီး အချို့သော စေတီများသည် လတ်တလော ပျက်စီးခြင်း မရှိသော်လည်း ကြံ့ခိုင်မှု အားနည်းခြင်း နှင့် လေပြင်းဒဏ်ကြောင့် အက်ကွဲခြင်းများ ရှိနေသဖြင့် မူလစာရင်း ကောက်ယူ ထားသော ၈၆၉ ထက် အရေအတွက် ပိုမို များပြား လာနိုင်ကြောင်း သိရသည်။
မွေတော်ကက္ကူ စေတီတော်များကို ရှေးမူ လက်ရာမပျက် ပြန်လည် ထိန်းသိမ်းနိုင်ရေး အတွက် ဌာနရှိ ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး ကျွမ်းကျင် အင်ဂျင်နီယာများနှင့် ဒေသအသီးသီးမှ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ စေတီတော်များ ရေရှည် ကြံ့ခိုင်ရေး၊ စနစ်တကျ ပြုပြင် ထိန်းသိမ်းရေး၊ ပျက်စီးမှု အလိုက် ပြုပြင် ရမည့် နည်းစနစ်နှင့် ပညာရပ်ပိုင်း ဆိုင်ရာ ကြီးကြပ် ပေးခြင်း၊ အကြံပေးခြင်းများ တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံး မြို့နယ်ခွဲ အတွင်းရှိ ကက္ကူရွာ အနီးတွင် ရှေးခေတ် ဘိုးဘွားများက မြေဧရိယာ ၉ ဧကခန့် ကျယ်ဝန်းသော နေရာတွင် စေတီတော် စုစုပေါင်း ၂,၄၇၈ ဆူ တည်ထား ကိုးကွယ်ခဲ့ပြီး မှတ်တမ်းများအရ စေတီတော်အချို့သည် အေဒီ (၁၂) ရာစုနှောင်းပိုင်း ပုဂံခေတ် အပြိုင် တည်ထား ကိုးကွယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.