Connect with us

Environment, Disasters & Accidents

အားကောင်းသော မုန်တိုင်းကြောင့် မောင်တော နှင့် စစ်တေ ွခရိုင်တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် (၄၅)မိုင်မှ မိုင် (၅၀) အထိ တိုက်ခတ် နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းအခြေအနေပြ မြေပုံ ( ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ် ကမ်းခြေအား ဖြတ်ကျော်စဉ် မောင်တော ခရိုင်ဒေသတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိနှင့် စစ်တွေ ခရိုင်ဒေသတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀) အထိ တိုက်ခတ် နိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်း ထုတ်ပြန်သည်။

အဆိုပါ အားကောင်းသည့် မုန်တိုင်းငယ်သည် ယနေ့ ညနေမှ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းကမ်း‌ခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းချက် ထုတ်ပြန်သည်။

ထိုမုန်တိုင်းငယ်ကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း သိရသည်။ “မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သော အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရ် နိုင်ငံတောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် (၈) ပေမှ (၁၀) ပေအထိနှင့် စစ်တွေခရိုင် ကမ်းခြေ ဒေသတွင် (၆) ပေမှ (၈)ပေ အထိ မြင့်တက်လာနိုင်ကြောင်း ကျွန်တော်တို့ ခန့်မှန်းရပါတယ်’’ ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးချစ်ကျော်က ပြောသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူး သတိပြုကြရန် အကြံပြုအပ်ပါသည်ဟု မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)