Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ချို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးနိုင်ခြင်း သတိပေးချက်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ၌ ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်တွင် မိုသည်းထန်စွာရွာသွန်ပြီးလေပြင်း တိုက်ခိုက်မှုကြောင့် သစ်ပင်များလဲကျနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

မေ ၁၉ ရက်မှ ၂၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းလာနိုင်ခြင်းကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ချို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ၌ ၂၀၂၂ ခုနှစ်၊ မေ ၁၆ ရက်တွင် မိုသည်းထန်စွာရွာသွန်ပြီးလေပြင်း တိုက်ခိုက်မှုကြောင့် သစ်ပင်များလဲကျနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက “အဲဒီလိုမိုးသည်းထန်စွာရွာသွန်းတဲ့အချိန်မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ၂၄နာရီအတွင်း မိုးရေချိန် (၃)လက်မ နဲ့ အထက် ရွာသွန်းနိုင်လို့ ကျွန်တော်တို့ သတိပေးချက်ထုတ်ပြန်ရတာပါ။ အခုထုတ်ပြန်ထားတဲ့ မိုးရေချိန်က မေလ ပျမ်းမျှရွာသွန်းတဲ့ မိုးရေချိန်ကို ကျော်လွန်နေလို့ သတိပြုသင့်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ မေ ၁၈ ရက်တွင်ပြောသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။

မိုးသက် လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.