Connect with us

Environment, Disasters & Accidents

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန နှင့် UNHCR တို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန နှင့် UNHCR တို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ - Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) တို့အကြား မေ ၂၃ ရက်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယခု ရေးထိုး သည့် နားလည်မှု စာချွန်လွှာသည် အဖွဲ့အစည်း နှစ်ခု အကြား ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ မူဘောင် တစ်ခု ဖြစ်ပြီး အသေးစိတ် လုပ်ငန်းစဉ်များကို ထပ်မံ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားရန် ဖြစ်ကြောင်း လက်မှတ် ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ MoU အရ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများရှိပါကလည်း မိမိတို့ ဝန်ကြီးဌာနအား ဦးစွာအသိပေးဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အခက်အခဲများရှိခဲ့လျှင်လည်း ညှိနှိုင်း ပူးပေါင်း၍ အဖြေရှာကြရန် ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများကို အလေးထား ဆောင်ရွက် ရသကဲ့သို့ တစ်ဖက်တွင်လည်း ဘေးသင့်ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့ကိုပါ ဦးစားပေး လုပ်ဆောင် ရကြောင်း ၊ UNHCR နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လက်ခံခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ သူများအား ထောက်ပံ့ခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးခြင်း လုပ်ငန်းများတွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း စသည်ဖြင့် ၎င်းက ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

UNHCR ၏ မဟာမင်းကြီးဖြစ်သူ Mr. Philipo Grandi က MoU လက်မှတ်ရေးထိုးနိုင်သည့်အတွက် များစွာ ဝမ်းမြောက်ကြောင်း ၊ ဒုတိယ ဝန်ကြီး၏ အဖွင့် အမှာစကားနှင့် အညီ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နားလည်မှုစာချွန်လွှာကို UNHCR ၏ မဟာမင်းကြီး Mr. Philipo Grandi နှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်တို့က အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.