Connect with us

Environment, Disasters & Accidents

ရွှေကူမြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိ

ရွှေကူမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေသည်ကို တေွ့ရစဥ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းမှ ဆင်ဟွာသို့ ယနေ့ ဇွန် ၁၇ ရက်တွင် ပြောသည်။

ရွှေကူမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရွှေကူမြို့ (ဧရာဝတီမြစ်) ၏ မြစ်ရေအခြေအနေ ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

ဦးဝင်းရဲထွန်းက “ ရေကြီးရေလျှံမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကော်မတီတွေဖွဲ့ပြီးဆောင်ရွက်နေပါတယ်။ အစည်းအဝေးတွေဆက်တိုက်လုပ်ဆောင်နေပြီး ရေကြီးရေလျှံမှု နဲ့ ပတ်သက်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ လိုအပ်မှုတွေကို ပံ့ပိုးပေးနေပါတယ်။ ကြည့်ရတာ ဒီနှစ်က ရေပိုကြီးသလိုပဲ’’ ဟု ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက် (ဘောဂဗလရပ်)ရှိ လူနေအိမ်ခြံဝန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေကူမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယနေ့ ဇွန် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဧရာဝတီမြစ်ရေသည်ရွှေကူမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃) ပေခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် ဇွန် ၁၆ ရက်မှ စ၍ နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ကြောင့် ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးဇလမှ သတိပေးချက်ကို ဇွန် ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။
“ရေကြီးမှုကြောင့် အကူအညီပေးဖို့အတွက် ကျွန်တော်တို့ဖွဲ့ထားတဲ့ team တွေ အကုန်ရှိပါတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာလည်း တာဝန်ရှိသူတွေက သတိပေးချက်တွေကို စပီကာတွေ နဲ့ လိုက်ပြီးအော်ပေးနေပါတယ်။ ရေဘေးနဲ့ ပတ်သက်ပြီး ပြောင်းရွှေ့ရမယ့် နေရာတွေအပါအဝင် အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ဆောင်ရွက်နေပါတယ်’’ ဟု ဦးဝင်းရဲထွန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)