Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့၌ ကလေးငယ် ၄၈ ဦးထက်မနည်း အစာအဆိပ်သင့်မှုဖြစ်ပွား၊ အချို့မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိ

ကလေးငယ်များအား ဝိုင်းဝန်းကူညီစောင့်ရှောက်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း ရန်ကုန်ရုံးချုပ်)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ အစာအဆိပ်သင့်သည်ဟု သံသယရှိသည့် ကလေးငယ် အနည်းဆုံး ၄၈ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အချို့မှာ ပြန်လည်သက်သာ၍ ဆေးရုံမှ နေအိမ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်း အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း ရန်ကုန်ရုံးချုပ် မှ ဥက္ကဋ္ဌ ဦးနိုင်ဝင်း (ခ) ဘဘကြီး က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၂ ရက်တွင်ပြောသည်။

ဦးနိုင်ဝင်းက “သာကေတမြို့နယ် နဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့က လူမှုကူညီရေးအသင်းတွေက အရေးပေါ်လူနာတင်ယာဉ်တွေ လုပ်ထားတဲ့ အဖွဲ့တွေရှိတယ်။ ရပ်ကွက်နေ ပြည်သူကလေးတချို့က ဗိုက်အောင့်တယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။ သတိမေ့မြောသွားတယ်။အဲဒီလက္ခဏာတွေပြပြီး ရောက်လာတော့ Food Poison လက္ခဏာဆိုတော့ ကျွန်တော် ကလေးတွေကိုမေးတာပေ့ါ။ ကလေးတွေက အစားမှားတယ်လို့ ပြောကြတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့တိတိကျကျမပြောကြဘူး။ လူနာတွေ အရမ်းများလာတဲ့ အခါ မနိုင်တော့တဲ့အတွက် လူနာတင်ကား အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ နီးစပ်ရာဆေးရုံဆေးခန်းတွေ ပို့ဆောင်ခဲ့ရပါတယ်’’ ဟုပြောသည်။

နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီ ကျော်တွင်မူ ကလေးများ အားလုံးနီးပါးမှာ အခြေအနေကောင်းမွန်လျက်ရှိကြောင်း ၎င်းကဆိုသည်။

“တချို့ ကလေးတွေကတော့ အိမ်ပြန်ရောက်နေပါပြီ။ ရန်ကင်းကလေးဆေးရုံမှာ ကလေး ၆ ယောက်ကတော့ အရေးပေါ်မှာ ကုသမှုခံယူနေရပါတယ်’’ ဟု ဦးနိုင်ဝင်းက ဆက်ပြောသည်။ (Xinhua)