Connect with us

Myanmar

နိုင်ငံတော်ဝန်ကြီးချုပ်က လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေးမိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-MRTV)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ယနေ့ (ဧပြီ ၂၂ရက်)ပြောကြားသော ငြိမ်းချမ်းရေးမိန့်ခွန်း၌ ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

“ဒီ၂၀၂၂ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျနော်ပြောခဲ့ပါတယ်။ဒါကို လက်တွေ့ကျကျထိထိရောက်ရောက်အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်နေတဲ့အတွက် ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။အဖွဲ့ များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားပါ့မယ်။လိုအပ်ရင်လည်း ထပ်မံတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားပါ့မယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်၂ဦးတက်ရောက်နိုင်ပြီး တက်ရောက်မည့် တိုင်းရင်းသားခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ဦးစီ၏ အမည်စာရင်းကို ၂၀၂၂ မေလ ၉ ရက်နေ့ နောက်ဆုံးထားပေးပို့ ကြရန် ၎င်းကဆိုသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ယနေ့(ဧပြီ ၂၂ရက်) မှာ စာတွေပို့ဖိတ်ကြားလိုက်ပါပြီ၊ တက်ရောက်လာမယ့်အဖွဲ့အစည်းတွေအတွက် ကျွန်တော်တို့ လုံခြုံရေးအာမခံချက်အပြည့်အဝပေးပါတယ်၊ နောက်ပြီး အဖွဲ့တွေက ပြည်တွင်း ဘယ်နေရာကို လာကြိုပေးဆို သူတို့ကမ်းလှမ်းတဲ့နေရာအထိ ကြိုပေးမှာပါ၊ ခရီးစဉ်အစဆုံး အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးမယ် ၊ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် မည်သည့်အဖွဲ့အစည်း မည်သည့်နိုင်ငံမဆို ကူညီမှုကို လက်ခံဆောင်ရွက်သွားမှာ ပါ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်မှုအရသာ ခံစားနိုင်ရန်ရိုးသားပွင့်လင်းစွာဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောကြားခဲ့သည်။

“လာမည့်၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပြီး၊တိုင်းရင်းသားပြည်သူတွေအနေဖြင့်လွတ်လပ်ရေးရဲ့ အနှစ်သာရကို အပြည့်အဝမခံစားရသေးတာကို ပကတိဖြစ်ရပ်တွေက ပြသနေတဲ့ကြောင်း၊
ယင်းတို့သည် သဘောထားကွဲလွဲမှုများကို အခြေခံပြီးဖြစ်ပေါ်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့ကိုဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ ၊လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း” မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)