Connect with us

Myanmar

မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းနိုင်ရန် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်

၃၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)
မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာ ဓာတုပစ္စည်းများမှာ တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာမှုများကြောင့် ဒေသတွင်း လူလုပ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်မှုများ ဆက်လက်မြင့်မားလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးပြဿနာအား ဖြေရှင်းနိုင်ရန်မှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိက မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်၊ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။

၃၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

၆ ကြိမ်မြောက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးတွင် မေ ၂၆ ရက်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့စဉ် ရဲမှူးချုပ်ဝင်းနိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲမှူးချုပ် ဝင်းနိုင်က “ဈေးနှုန်းသက်သာပြီး အရည်အသွေးပိုမိုကောင်းမွန်သော လူလုပ်ဆေးဝါးအသစ်များ ပေါ်ထွက်နေသည့်အပြင် နည်းပညာတိုးတက်လာမှုနှင့်အတူ ဒေသအတွင်း၊ ဒေသအပြင်ဘက်ရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ ပါဝင်ပတ်သက်မှု၊ ဈေးကွက်ချဲ့ထွင်မှု၊ သယ်ဆောင်ရောင်းဝယ်မှုပုံစံပြောင်းလဲလာမှု တို့ကြောင့် မူးယစ်ဆေးဝါးပြဿနာ ဆက်လက်ကြီးထွားနေဆဲဖြစ်ပါတယ်’’ ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပရီကာဆာ ဓာတုပစ္စည်းများထိန်းချုပ်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အတူလက်တွဲပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အောင်မြင်မှုရလဒ်ကောင်းများ ရရှိမည်ဟုလည်း ယုံကြည်ကြောင်း ရဲမှူးချုပ်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါဖြစ်ပွားနေသော ကာလ၌ ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်မှုများအပေါ် များစွာအကျိုးသက်ရောက်မှုမရှိဘဲ ရောင်းလိုအား နှင့် ဝယ်လိုအား နှစ်မျိုးလုံးခြိမ်းခြောက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး မှ နည်းလမ်းမျိုးစုံဖြင့် ဘက်ပေါင်းစုံမှ တိုက်ဖျက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်သည် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း၏ ကျန်းမာရေး၊ လူမှုရေး၊ ဒေသတွင်းစီးပွားရေးအပေါ် ကြီးမားစွာ ဆိုးကျိုးသက်ရောက်စေပြီး အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့အတွက်လည်း ကြီးမားစွာ ထိခိုက်စေသည့် အဟန့်အတားကြီးတစ်ခုဖြစ်နေကြောင်း၊ နိုင်ငံအားလုံးမှ ရေရှည်လက်တွဲ ပူးပေါင်းဖြေရှင်းသွားရမည့် လုပ်ငန်းတာဝန်ကြီးလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များမှ လတ်တလော မူးယစ်ဆေးဝါးအခြေအနေ၊ ဒေသတွင်းဘိန်းဖြူသယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ထုတ်လုပ်သည့် စက်ရုံများနှင့် လျှို့ဝှက်ဓာတ်ခွဲခန်းများ၊ မက်သ်အဖက်တမင်းသယ်ဆောင် ရောင်းဝယ်ခြင်း၊ နယ်စပ်ဒေသများတွင် ဘိန်းပင်နှင့် ဆေးခြောက်ပင် တရားမဝင်စိုက်ပျိုးခြင်းတို့နှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ (၇) ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.