Connect with us

Environment, Disasters & Accidents

ဇွန်လအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ရေများ လက်ရှိရေမှတ်များထက် ၁၀ ပေနှင့် အထက်မြင့်တက်နိုင်

ညနေဆည်းဆာအချိန်တွင် ဧရာဝတီမြစ်အတွင်းသွားလာနေသော လှေငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဇွန်လအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ရေတို့သည် လက်ရှိရေမှတ်များထက် ၁၀ပေနှင့် အထက်မြင့်တက်နိုင်ကြောင်း ၊ သို့ဖြစ်ပါ၍ မြစ်များအနီးနေထိုင်သူများ၊ မြေနိမ့်ပိုင်း နေထိုင်သူများနှင့် စိုက်ပျိုးရေးလုပ်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ပြောကြားသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁၂) ပေမှ (၁၄) ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် လက်ရှိရေမှတ်များအထက် (၁၀) ပေမှ (၁၂) ပေခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် လက်ရှိရေမှတ်များအထက် (၁၃) ပေမှ (၁၈)ပေခန့် မြင့်တက် လာနိုင်ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
အခြားမြစ်ကြီးများဖြစ်သော ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် (၂) ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၅)ပေမှ (၇)ပေခန့်၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁၀)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် (၃)ပေမှ (၆)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃)ပေခန့်၊ ပဲခူးမြစ် ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၆)ပေမှ (၈)ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် (၇)ပေမှ (၈)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၄)ပေခန့်၊ ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်းမြို့တွင် (၁၀)ပေခန့်၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၂)ပေမှ (၄)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၄)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့တွင် (၈)ပေခန့်နှင့် ကျောက်တော်မြို့တွင် (၃)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၃)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးလှထွန်းက “အခုက မိုးဦးကလည်း ကောင်းတော့ မြစ်ရေကတော့ တအိအိနဲ့ ဆက်တက်လာမှာ ဖြစ်လို့ မြစ်ချောင်းများအနီးနေထိုင်သူတွေ၊ စိုက်ပျိုးရေးလုပ်သူတွေကိုတော့ အထူးဂရုပြုနေထိုင်ကြဖို့နဲ့ လိုအပ်ရင် ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေထိုင်ကြဖို့ အကြံပြုချင်ပါတယ်’’ ဟုဖြည့်စွက်ပြောကြားသည်။ (Xinhua)