Connect with us

Environment, Disasters & Accidents

အာရှလမ်းမကြီး၌ ခရီးသည်တင် အံစာတုံးယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၇ ဦးသေဆုံး

ယနေ့ အာရှလမ်းမကြီး၌ ခရီးသည်တင် အံစာတုံးယာဉ် တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ - ပုလဲဖြူလူမှုကူညီရေးအသင်း)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ- ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် ယနေ့ (နိုဝင်ဘာ ၉ရက်) နံနက်ပိုင်း၌ ခရီးသည်တင် အံစာတုံးယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ အာရှလမ်းမကြီး၌ ခရီးသည်တင် အံစာတုံးယာဉ် တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ – ပုလဲဖြူလူမှုကူညီရေးအသင်း)

“မြဝတီမြို့ဘက်မှမောင်းလာတဲ့ ခရီးသည်တင် အံစာတုံးကားက အရှိန်မထိန်းနိုင်ဘဲ ကွန်ကရစ်ဆိုင်းဘုတ်အုတ်ခုံကို ဝင်တိုက်ပြီး ပက်လက်လန်သွားတယ်၊ ကားပေါ်ပါ ၇ ဦးလုံး အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးတယ်၊ ကျား ၅ ဦး၊ မ ၂ ဦးသေတယ်” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါအဝင် ခရီးသည် အားလုံး သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများကို ပုလဲဖြူလူမှုကူညီရေးအသင်းမှ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ပုလဲဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ပွင့်နေခြည် ဇာတ်အဖွဲ့လိုက်ပါလာသော ၆ ဘီးယာဉ်သည် ဘရိတ်ပေါက်၍ တိမ်းမှောက်သွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိခဲ့မှု တစ်ကြိမ်၊ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းကလည်း ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိပြီး လူ ၇ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့မှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)