Connect with us

Myanmar

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၅၇၀၀ကျော် အား လွတ်ငြိမ်းချမ်းသာခွင့်ပြု

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဆန္ဒပြပွဲများ၌ ပါဝင်၍ ဖမ်းဆီးထိန်းသိမ်းခံရသူများအား အင်းစိန် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၅၇၀၀ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ထုတ်ပြန်သောကြေညာချက်အရ သိရသည်။
ယနေ့ ကျရောက်သော အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၅,၀၉၈ ဦး၊ အကျဉ်းသူ ၆၇၆ ဦး၊ စုစုပေါင်း ၅,၇၇၄ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။
“ဒီနေ့ လွတ်ငြိမ်းထဲ ၅၀၅ အမှုနဲ့ ပြစ်ဒဏ်ကျခံရသူတွေပါမယ်၊ နိုင်ငံခြားသား (၄)ဦးပါတယ် ၊ အရင် ဝန်ကြီးဟောင်းတွေပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မစ္စတာတိုရိုကူဘိုတာ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့်အမေရိကန်နိုင်ငံသားခံယူထားသည့် ကိုကျော်ဌေးဦးတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်၌ ပြစ်ဒဏ်ကျခံနေရသော တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ ဆိုခံထားရသည့် အနုပညာရှင် (၁၁) ဦးကိုလည်း အမှု ပိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)