Connect with us

Culture & Entertainment

ဆိုင်ကလုန်းဒဏ်ခံရသော မြောက်ဦးမြို့ကို UNESCO ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြုပြင်သွားမည်

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ တတိယအကြိမ် စုပေါင်းအမှိုက်ကောက် Campaign ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က ဆောင်ရွက်ခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြုပြင်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်စန်းဝင်းက ဆင်ဟွာသို့ပြောသည်။

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ တတိယအကြိမ် စုပေါင်းအမှိုက်ကောက် Campaign ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က ဆောင်ရွက်ခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ တတိယအကြိမ် စုပေါင်းအမှိုက်ကောက် Campaign ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က ဆောင်ရွက်ခဲ့စဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ဦးမောင်စန်းဝင်းက “ကျွန်တော်တို့အနေနဲ့ အခုကာလမှာ ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး အကြမ်းတွက်ချက်မှုတွေ ဆောင်ရွက်ပါတယ်။ အဲဒီအကြမ်းတွက်ချက်မှုတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကို တင်ထားပါတယ်။ ပြုပြင်ခွင့်တွေ ပြန်ကျလာတဲ့အခါမှာတော့ ကျွန်တော်တို့ အနေနဲ့ ယူနက်စကို အဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြုပြင်သွားမှာပါ” ဟုပြောသည်။

ယူနက်စကို၏ ပြုပြင်ထိန်းသိမ်းရေးလမ်းညွှန်ချက်သီးသန့်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့မှာ ကျောက်တံတိုင်းတွေရှိတယ်။ ကျောက်နံရံတွေပျက်စီးတယ်ဆိုရင် တခြားဟာကို အသုံးပြုလို့မရဘူး။ ဒေသမှာထွက်တဲ့ သဲကျောက်တွေနဲ့ အစားထိုးပြုပြင်ရတာဖြစ်ပါတယ်။ မြောက်ဦးကနေ ၅ မိုင်ခန့်ကွာတဲ့ လောင်းကြက်တောင်မော် မှာ တောင်ကိုပတ်ပြီး ကျောက်စာရေးထိုးထားတာရှိတယ်။ အဲဒီမှာ ရှိတဲ့ အဆောက်အဦကလည်းတစ်ခုလုံးပျက်စီးသွားတယ်။ အဲဒီအဆောက်အဦကိုပြင်ပြီး အမိုးအကာတွေ ပြန်လုပ်ဖို့ တင်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင်နှစ်ပေါင်းရာချီသော ဘုန်းကြီးကျောင်း ၃ ကျောင်း ကိုလည်း အကြီးစားပြင်ဆင်ရန် တင်ပြထားကြောင်း သိရသည်။

ဦးမောင်စန်းဝင်းက “ပြုပြင်တဲ့အခါမှာ လက်ရှိထုတ်လုပ်နေတဲ့ ဘိလပ်မြေနဲ့ပြင်ဆင်တာမျိုးမဟုတ်ဘဲ ရှေးခေတ်က အသုံးပြုခဲ့တဲ့ ပုံစံနဲ့ပဲ ပြင်ဆင်ပါတယ်” ဟုပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေ မြို့အနီးမှ ဖြတ်ကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အခြေခံအဆောက်အဦများ၊ နေအိမ်များ ပျက်စီးဆုံးရှုံး၍ လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ (Xinhua)