Connect with us

Myanmar

အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ (၁၈) ကြိမ်မြောက်အစည်းအဝေးကို မြန်မာနိုင်ငံ အိမ််ရှင်အဖြစ် ကျင်းပ

အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Social Forestry–AWGSF) ၏ (၁၈) ကြိမ်မြောက်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးကို မေ ၂၇ ရက် နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AWG-SF လုပ်ငန်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ AWG-SF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူမှုသစ်တောကဏ္ဍတွင် အာဆီယံအသင်း၏ ပူးပေါင်းဆောင်ရွက်မှုအခြေခံရည်ရွယ်ချက်မှာ အာဆီယံဒေသအတွင်း သစ်တောထွက်ပစ္စည်းများထုတ်လုပ်မှု နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးနှင့် ဒေသတွင်း ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုကို မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဓိကရလဒ်အနေဖြင့် အာဆီယံ ဒေသအတွင်း သစ်တောဖုံးလွှမ်းသည့် မြေယာရှုခင်းများ၌ ဓလေ့ထုံးတမ်းအရ မြေပိုင်ဆိုင်မှုစနစ်များတွင် လွတ်လပ်သည့် ကြိုတင်အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း (Free, prior and informed consent-FPIC) ကို ကျင့်သုံးရေးအတွက် ရေးဆွဲထားသည့် လက်စွဲစာအုပ်အပေါ် အပြီးသတ်ဆွေးနွေးခြင်း၊ လူမှုသစ်တောကဏ္ဍတွင် အာဆီယံပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးက မိမိတို့နိုင်ငံအလိုက် လူမှုသစ်တောဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မူဝါဒနှင့် ဥပဒေများ၊ အလေ့အထကောင်းများနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် သစ်တောကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများက လွတ်လပ်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးသွားကြရန် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)