Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့် ကြားကားများအား ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ တွင် သွားလာနေကြသည့် မော်တော်ယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စည်းကမ်းဖောက်ဖျက်သော အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့် ကြားကားများအား ပိုမို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ယခု စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အောက်တိုဘာလ ၁ရက် နံနက်(၁၁)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ သန်လျင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ စည်းကမ်းဖောက်ဖျက်သော ယာဉ်၊ ယာဉ်မောင်းများ နှင့်ပတ်သက်၍ မည်ကဲ့သို့သော အစီအစဉ်များ ဆောင်ရွက်ပေးနိုင်မည်နည်းနှင့် အောက်ဆိုဒ်(ကြားကား)များလည်း ပြေးဆွဲမှု ပပျောက်အောင် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် နေပါကြောင်းကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စည်းကမ်းဖောက်ဖျက်သော အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့် ကြားကားများအား ၂၀၁၅ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၆၅)အရ သုံးသောင်းထက်မပိုသော ဒဏ်ငွေများဖြင့် ချမှတ်အရေးယူ ဆောင်ရွက်ပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စည်းကမ်းဖောက်ဖျက်သော ကြားကားများကို ဆက်လက်စောင့်ကြည့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း ပြစ်ဒဏ်မှာ သုံးသောင်းထက်မပိုသော ဒဏ်ငွေသည် ထိရောက်မှု မရှိသည့်အတွက် ပိုမို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးကိုလည်း ဆောင်ရွက်ရန်အတွက် ယခုတွင် စီမံချက်များ ရေးဆွဲလျက်ရှိပါတယ်။”ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

 

စည်းကမ်းထိန်းသိမ်းရေးဌာနမှ တိုင်ကြားမှုကို စိစစ်ဆောင်ရွက်ချိန်တွင် လိုအပ်ပါက တိုင်ကြားသူနှင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းဖြေရှင်းပေးခြင်း၊ အချို့ဖြစ်စဉ်များတွင် ဖုန်းနံပါတ်ပေးပို့ တိုင်ကြားသူများမှ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ လစဉ်ထုတ်မဂ္ဂဇင်းတွင် တိုင်ကြားမှုအမျိုးအစားနှင့် တိုင်ကြားမှုအကြိမ် စသည်တို့ကို လစဉ်ဖော်ပြပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် ၁၆.၁.၂၀၁၇ ရက်နေ့မှ စတင်ပြီး Yangon Bus Service (YBS) ယာဉ်လိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ခရီးသွားပြည်သူများ သွားလာမှု ပိုမိုအဆင်ပြေစေရေးအတွက် ယာဉ်လိုင်းအချို့သည် (၂၄)နာရီ ပြေးဆွဲလျက်ရှိကြောင်း၊ ထို့သိ့ု ပြေးဆွဲလျက်ရှိသော်လည်း လူအချို့မှာ ညပိုင်းအချိန်များတွင် တရားမဝင် ကြားကားများ ပြေးဆွဲ၍ ခရီးသည်များ သယ်ယူပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) ကွပ်ကဲမှုအောက်ရှိ အမှတ်(၆/၇/၈/၉) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲများမှ ၂၀၁၈ခုနှစ်အတွင်း ကြားကားအစီးရေ (၁၅၄)စီးကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်အတွင်း ခရိုင်အလိုက် ဖမ်းဆီးရမိမှုမှာ အရှေ့ပိုင်းခရိုင်(၄၈)မှု၊ အနောက်ပိုင်းခရိုင်(၉)မှု၊ တောင်ပိုင်းခရိုင်(၁၀)မှု၊ မြောက်ပိုင်းခရိုင် (၈၁)မှု၊ စုစုပေါင်း(၁၄၈)မှုရှိကြောင်း ဝန်ကြီးက ပြောကြားသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.