Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သော ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသည် အလွန်အရေးကြီးဟု ဒေါက်တာ တင်မျိုးဝင်းဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံံ ပထမနေ့မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ယနေ့ စတင် ကျင်းပနိုင်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သော ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသည် အလွန်အရေးကြီးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပထမနေ့ အခမ်းအနား ရပ်နားကြောင်း အပိတ်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သည်။

လက်ရှိကျင်းပနေသော ၂၁ ရာစု ပင်လုံညီလာခံ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဆောင်ရွက်ချက်များ၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို မူကြမ်း ရေးဆွဲခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါ ဆက်လက် လုပ်ဆောင် မှုများအတွက် အားလုံးပါဝင် ဆွေးနွေးရန် ဒေါက်တာ တင်မျိုးဝင်းက တိုက်တွန်းပြောကြားသည်။
ယနေ့ ညီလာခံသည် ပထမ ခြေလှမ်းအဖြစ် စတင်သွားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ ဦး၊ စက်တင်ဘာ ၂ ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ ဦးနှင့် စက်တင်ဘာလ ၃ ရက်နေ့တွင် ကိုယ်စားလှယ် ၁၀ ဦး ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ အဆိုပါ ၂၁ရာစု ပင်လုံညီလာခံ ပြီးနောက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်မှု ဆွေးနွေးပွဲများပြုလုပ်ကာ ၆ လ အတွင်း ဒုတိယအကြိမ် ပင်လုံညီလာခံကို ဆက်လက် ကျင်းပနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး (ငြိမ်း) က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း မှ အစီရင်ခံ တင်ပြခြင်း၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှ အစီရင်ခံတင်ပြခြင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ဆွေးနွေးချက်များကို စိုင်းကျော်ညွန့်မှ အစီရင်ခံ တင်ပြခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိစ္စရပ်များကို ပဒိုစောကွယ်ထူးဝင်းမှ အစီရင်ခံ တင်ပြခြင်း၊ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ၏ ဆောင်ရွက်ချက်များကို ဦးလှမောင်ရွှေ မှ အစီရင်ခံ တင်ပြခြင်း၊ ညီလာခံနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) မှ ရှင်းလင်း တင်ပြခြင်းနှင့် ညီလာခံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရဲဘော်မျိုးဝင်းမှ ဖတ်ကြား တင်သွင်းခြင်းကို ၂၁ ရာစု ပင်လုံညီလာခံ ပထမနေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ၂၁ ရာစု ပင်လုံညီလာခံကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ လက်မှတ် ရေးထိုးထားခြင်း မရှိသောတိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့နှင့် လက်မှတ် ရေးထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့အပါအဝင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်၊ တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ နိုင်ငံရေး ပါတီများ နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ၊ နိုင်ငံတကာ သံတမန်များ ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း ဦးရေ ၁,၆၀၀ ခန့် တက်ရောက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.