Connect with us

Politics, Law & Military

ကိုယ်တိုင်သိပါက အမှု တည်ဆောက်ပြီး တိုင်ကြားရန် လွှတ်တော် ကိုယ်စားလှယ် တို့ကို လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုများတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း မရှိသည့် အမှုကိစ္စများ ရှိကြောင်း အတိအကျ သိရှိလျှင် ထိုကိစ္စကို လွှတ်တော်တွင် မေးခွန်းထုတ်ရုံ၊ ဆွေးနွေးရုံ၊ အဆို တင်သွင်းရုံ လုပ်ကြမည့် အစား အဆိုပါ အမှုကိစ္စကို အခိုင်အမာ တည်ဆောက်လျက် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့တိုင်ကြားကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့ တိုက်တွန်း ပြောကြားခဲ့သည်။

“ဥပဒေ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာမှုတွေ ရှိနေတာကို တိတိကျကျ သိရင် လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်က အားထည့်ပြီး အမှုတည်ဆောက်ပြီး တိုင်ပါ။ သိရင် ဖော်ထုတ် အရှိအတိုင်း မှန်မှန်ကန်ကန် လုပ်ဖို့ကိုယ်စားလှယ်တွေ အားထည့်ကြပါ။ တိုင်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အရေးမယူဘူးဆိုရင် အရေးယူတဲ့ အဆင့်အထိ ရောက်အောင် ဆက်လုပ်ရမယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်များသည် အမှုကိစ္စတစ်ရပ်ကို ဆွေးနွေးရုံ သက်သက်၊ မေးမြန်းရုံ သက်သက်၊ အဆိုတင်ရုံ သက်သက်ဖြင့် လွှတ်တော်အတွင်း ပြောပြီး ပြီးရော ပုံစံမျိုး ဖြစ်နေပါက ထိုအမှုကိစ္စများသည် ဒုံရင်း အတိုင်းသာ ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့် အာဏာကို အသုံးချကြရန်၊ အားထုတ်ပြီး ဆောင်ရွက်ကြရန်လည်း ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ “အစိုးရ၏ လုပ်ငန်း လေလံတင်ဒါများ ခေါ်ယူရာတွင် အခြေခံမူနှင့် အခြေခံ စံများကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြဌာန်းပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် အမေးအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေကြားအပြီး ဦးဖြိုးဇေယျာသော်က နောက်ဆက်တွဲ မေးခွန်း ထပ်မေးခဲ့သည်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယခုကဲ့သို့တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရ လုပ်ငန်း လေလံ တင်ဒါများ ခေါ်ယူရာတွင် ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခု ဆောင်ရွက်ပုံ ကွဲလွဲခြင်း၊ အချို့ဌာနများတွင် ၁၀ ရာခိုင်နှုန်း၊ တစ်ရာခိုင်နှုန်း စသည်များ ပေးဆောင်ရသည်များလည်း ရှိနေသောကြောင့် အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ တစ်ပြေးညီ ဖြစ်စေရန် ယခုထက် ပိုမို တိကျသည့် စံများ သတ်မှတ်ခြင်း ၊ နည်းဥပဒေများ ပြင်ဆင် သတ်မှတ်ပေးခြင်း တို့ ဆောင်ရွက်ပေးရန် ရှိ မရှိ ဟူသည့် ဦးဖြိုးဇေယျာသော်က ထပ်ဆင့် မေးခွန်းအား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လက်ရှိ လေလံ တင်ဒါ စနစ်များကို ပြန်လည် လေ့လာပြီး လိုအပ်ပါက နည်းဥပဒေများ ပြင်ဆင် ရေးဆွဲသွားမည်ဟု ဖြေကြားခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ်က ဝန်ကြီးဌာန အချို့တွင် လက်တွေ့ကျင့်သုံးနေသည့် လေလံ တင်ဒါ စနစ်များ မတူ ကွဲပြားနေမှုကို အထောက်အထားများဖြင့် တင်ပြပြီး ထပ်ဆင့် မေးခွန်း မေးသည့်တိုင် အစိုးရအဖွဲ့ဝင်က ပြန်လေ့လာပြီး လိုအပ်မှ နည်းဥပဒေ ထပ်ဖြည့်မည်ဟု ဖြေကြားခဲ့ခြင်းကြောင့် လွှတ်တော် ဥက္ကဋ္ဌက ယခုကဲ့သို့တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
“ ကိုယ်စားလှယ်တွေ အနေနဲ့သိထားပေမယ့် အမှုတည် ဆောက်ပြီးတိုင်ဖို့ကျတော့ လုပ်ရတာ ခက်ခဲနိုင်ပါ တယ်။ လေလံ တင်ဒါ ရထားတဲ့ လုပ်ငန်းရှင်က သူ ဘယ်လို ရခဲ့တယ်ဆိုတာ သက်သေ လိုက်မှာ မဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်နိုင်တဲ့ အပိုင်းက အဲဒီ လေလံ ရသွားတဲ့ သူရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းမှာ အရည်အသွေး ပြည့်မှု စံညွှန်းမီမှု ရှိ မရှိ ဆိုတဲ့အပိုင်းပါ” ဟု ဦးဖြိုးဇေယျာသော်က လွှတ်တော် အစည်းအဝေး အပြီး တွင် ဆင်ဟွာကို ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.