Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲအား ယခင်ရွေးကောက်ပွဲအားနည်းချက်များအားပြင်ဆင်၍ ပွင့်လင်းမြင်သာရန် ရွေးကောက်ပွဲကော်မရှင်ပြင်ဆင်မှုများပြုလုပ်

ပြည်သူများမဲပေးရန်စောင့်စားနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ တွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များ၊ အခက်အခဲများအပေါ် ပြင်ဆင်မှုများ ပြုလုပ်၍ ပိုမို ပွင့်လင်းမြင်သာ ရှိလာနိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်လာနိုင်ရန် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှုး ဦးတင်ထွန်းက “ကျွန်တော်တို့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက အားနည်းချက်ကြီး ၃ ခုရှိခဲ့တယ်။ အဲ့ဒါက အချိန်မလုံလောက်တာရယ်၊ ကြိုတင်မဲကိစ္စရယ် ကော်မရှင်က ရပ်ကျေးတွေကို သင်တန်းပြန်ပေးတဲ့အခါ အားနည်းချက်တွေ ရှိခဲ့တာရယ်ပေါ့။အဲ့ဒါတွေကို ပြင်ဆင်သွားဖို့ကြိုးစားထားပါတယ်’’ ဟုပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် သမ္မတဦးထင်ကျော်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲတစ်ခု ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲသည် ရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်ပြင်ဆင်မှုများကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲထက် ပိုမိုပွင့်လင်းမြင်သာရှိလာနိုင်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတချို့ကို မေးမြန်းချက်အရသိရသည်။

မဲဆန္ဒရှင်ပြည်သူတစ်ဦးမဲပေးနေစဉ် (ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲ ပိုပွင့်လင်းနိုင်

လှိုင်သာယာမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည့် NLD ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဦးဝင်းမင်းက “ရွေးကောက်ပွဲကိုယ်စားလှယ်နဲ့ ကျွန်တော်တို့တွေ တွေ့ဆုံဆွေးနွေးမှုတွေတော့ မလုပ်ရသေးဘူး။ ဒါပေမယ့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ နဲ့ယှဉ်ရင်တော့ အများကြီးပိုထင်သာမြင်သာရှိလာနိုင်မယ်လို့ထင်တယ်’’ ဟုဆင်ဟွာကိုပြောသည်။

ချောင်းဆုံမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည့် ပြည်ထောင်စုကြံံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းကလည်း “၂၀၁၅ ရွေးကောက်ပွဲနဲ့ယှဉ်ရင် ပိုပွင့်လင်းမြင်သာလာမယ်လို့ ထင်တယ်။ ကျွန်တော်က ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဝင်ပြီးအရွေးခံခဲ့တော့ ရွေးကောက်ပွဲကော်မရှင်က အများကြီး ပြောင်းလဲပြင်ဆင်မှုတွေ လုပ်လာတာတွေ့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက်ပိုပြီးထင်သာမြင်သာရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၅ ရွေးကောက်ပွဲအားနည်းချက်များအား ပြုပြင်၍ ကျင်းပသွားရန် ရွေးကောက်ပွဲကော်မရှင် အနေနှင့် ပြင်ဆင်လျက်ရှိသလို၊ ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်ကျင်းပခြင်း တို့ကိုပါဆောင်ရွက်ခဲ့သည်။

အချိန်တိုးထား

ယခင်ရွေးကောက်ပွဲတွင် အချိန်မလုံလောက်မှုများ ဖြစ်ခဲ့ပြီး ထိုအချိန်မလုံလောက်မှုကြောင့် ဝန်ထမ်းပိုင်းတွင် အကောင်အထည်ဖော်ရသည့် အခါ၌ အခက်အခဲများရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၉၀ အလိုမှာ ကြေညာခဲ့သော်လည်း ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရက်ပေါင်း ၁၈၀ အလိုတွင် ကြေညာခဲ့ကြောင်း အချိန်မလုံလောက်မှုအား အချိန်ပိုယူခြင်းဖြင့် ဖြေရှင်းရန်ကြိုးစားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ကြိုတင်မဲ

ပြဿနာများ နှင့် ဝေဖန်မှုများစွာကြုံတွေ့ခဲ့ရသည့် ကြိုတင်မဲပြဿနာအား ဖြေရှင်းနိုင်ရန် ပုံစံ၁၅ ကို ဝက်ဆိုက်အပါအဝင် ၊ သံရုံး၊ နီးစပ်ရာရပ်ကျေးရုံးများတွင် ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ပုံစံ ၁၅ အား ပြန်တင်သည့် အခါတွင်လည်း အွန်လိုင်းမှ တင်၍ ရရန် စီစဉ် ထားကြောင်း သိရသည်။

ဦးတင်ထွန်းက “သံရုံးက အဆင်ပြေတဲ့ ရက်တစ်ခုမှာ ရွေးကောက်ပွဲကျင်းပပေးတယ်။ ပုံစံ ၁၅ ပေးမှ မဲလက်မှတ်ရမှာ ။အခု ကြတော့ ဥပမာ—ဦး— ဆိုရင် သူ့အတွက် ပြည်သူ၊ အမျိုးသား၊ တိုင်းဒေသကြီး၊ တိုင်းရင်းသား ဆိုရင် တိုင်းရင်းသားပါ ပါမယ် ၄ခု အဲ့ဒီ့မှာ ဖြည့်ပြီး မဲထည့်ရုံပဲ။ အဲ့ဒီ့မဲလက်မှတ်တွေကို စာအိတ်ကြီး နဲ့ ပို့လိုက်တာဖြစ်တယ်။’’ ဟုပြောသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲ ထည့်မည့် စာရင်း၃၅၇ ယောက် ရှိပြီး၊ ၁၄ ယောက်မှာ မဲဆန္ဒနယ်မြေ လွဲနေမှု ရှိကြောင်း ဦးတင်ထွန်းကဆိုသည်။

မဲဆန္ဒနယ်အတွင်းကြိုတင်မဲ

ကြိုတင်မဲတွင် မဲဆန္ဒနယ်အတွင်း နှင့် ပြည်ပ ကြိုတင်မဲဆိုပြီး ၂ မျိုးရှိသည်။ နိုင်ငံဝန်ထမ်းများ အနေဖြင့် ၁၀ ရက်ကြိုတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးတွင် ကြိုတင်မဲပေးနိုင်ကြောင်း၊ နာမကျန်းသည့်သူများ၊ ဖျားနာသူများ၊ ခရီးသွားမည့် သူများအနေဖြင့် ၂ ရက် ကြိုတင်ပြီး ရပ်ကွက် ကော်မရှင်ရုံးတွင် ပေးရမည်ဖြစ်သည်။ ထိုကဲ့သို့ပေးရခြင်းကို မဲဆန္ဒနယ်မြေ အတွင်း ကြိုတင်မဲပေးခြင်းဟုခေါ်သည်။

မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ

မဲဆန္ဒနယ်ပြင်ပကြိုတင်မဲတွင် အုပ်စုနှစ်စုရှိပြီး တစ်စုသည် နိုင်ငံခြားတွင်နေသည့်သူများအတွက် ကြိုတင်မဲဖြစ်ပြီး နောက်တစ်စုသည် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒနယ်ပြင်ပဖြစ်သည့် နေရာတစ်ခုခုတွင် သင်တန်းတက်ရောက်နေခြင်း၊ အချုပ်ကျနေခြင်း၊ ဆေးရုံတက်နေခြင်း များအား မဲဆန္ဒနယ်ပြင်ပရောက် ဒုတိယအုပ်စုဟူ၍ သတ်မှတ်ကြောင်း သိရသည်။

ဦးတင်ထွန်းကပဲ “ ဒီနှစ်မှာ ထူးခြားချက်တခုက ဥပမာ- ဇီးပင်ကြီးတို့ ဖောင်ကြီးတို့ဆိုရင် ရွေးကောက်ပွဲလုပ်မယ့် ရက် ကို ၃ ရက် အလို အနီးဆုံးမှာရှိတဲ့ ရပ်ကွက်ကော်မရှင်ရုံးကို အကြောင်းကြားရပါမယ်။ ကော်မရှင်အဖွဲ့ခွဲကနေမှ ရွေးကောက်ပွဲလုပ်တဲ့အခါ စနစ်တကျ ရှိဖို့ ကြီးကြပ်ပေးပါမယ်။ ကော်မရှင်ခွဲကနေ ဘယ်နေ့ ဘယ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးကြေညာ ပေးထားမယ်။ မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်မဲကို သွားရောက်လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံ၊ အကျဉ်းစခန်း တွေမှာလည်း သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။’’ ဟုပြောသည်။

ကော်မရှင်အဖွဲ့ခွဲများ

၂၀၁၅ ရွေးကောက်ပွဲတွင် ကော်မရှင်အဖွဲ့ခွဲတွေမှာ အားနည်းသွားကြောင်း၊ ထိုကိစ္စ နှင့် ပတ်သက်၍ လည်း ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။၂၀၁၅ ရွေးကောက်ပွဲတွင် ပညာပေးမှု အားနည်းခဲ့ကြောင်း ဦးတင်ထွန်းကဆိုသည်။

၎င်းအားနည်းချက်အားဖြေရှင်းနိုင်ရန် ဆရာဖြစ်သင်တန်းအား နှစ်သုတ်ခွဲ၍ ပို့ချနေကြောင်း သိရသည်။ ထိုဆရာဖြစ်သင်တန်းဆင်းများသည် မိမိတိုင်း နှင့် ပြည်နယ်သို့ ဖေဖော်ဝါရီ ၁၅ မှ ၂၈ အထိ ရပ်ကျေးများကို သင်တန်းပြန်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဦးတင်ထွန်းကပင် “ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ တိုင်းနဲ့ ပြည်နယ် ဆရာဖြစ်အဖွဲ့က နေသက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ကို ပြန်သွားပြီးတော့ စီမံချက်ထဲမှာ ဖေဖော်ဝါရီ ၁၅ ကနေ ၂၈ အထိ ရပ်ကျေးတွေကို သင်တန်းပြန်ပေးပါမယ်။ ရပ်ကွက်တစ်ခုမှာ အဖွဲ့ခွဲတစ်ခုမှာ ၂ယောက် ၊ ၂ယောက်နှုန်းကို သင်တန်းပြန်ပေးပါမယ်။ ၂ ပတ်အတွင်းမှာ ရပ်ကျေးတွေအားလုံးကို သင်တန်းပေးသွားမှာဖြစ်တယ်’’ ဟုပြောခဲ့သည်။

ဆရာဖြစ်သင်တန်းတက်ထားသည့် အဖွဲ့များအနေဖြင့် မတ်လ ၁ ရက်နေ့ မှ မတ်လ ၁၄ ရက်နေ့ အတွင်းတွင် မဲရုံမှူးသင်တန်းများပေးသွားဖြစ်ကြောင်း သိရသည်။ တစ်ကြိမ်တွင် လူ ၅၀ ထက်မပိုအောင်သင်တန်းပြန်လည်ပေးရန်စီစဉ်ထားကြောင်း၊ယခင်လို မဲရုံ ၂၀၀၊ ၃၀၀ အား တခါတည်း သင်တန်းပေးမည်မဟုတ်ဘဲ မဲရုံ ၂၅ ရုံအား သင်တန်းတစ်ခုပေးမည်ဖြစ်ကြောင်း သိရသည်။ မဲရုံမှူးနှင့် ဒုမဲရုံမှူးများသည် သင်တန်းပြီးသွားပါက ၎င်းနှင့်တွဲလုပ်ရမည့် လူများအား မတ်လ ၁၇ ရက်မှ မတ်လ ၃၀ ရက်နေ့ အထိ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းမြင်သာစေရန်

ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်တွင်း/ ပြည်ပရွေးကောက် ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲ၏ အားနည်းချက်များကိုသုံးသပ်ပြီး အဆင်ပြေချောမွေ့စေရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးခွင့် ကာလအား ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၃၀ ရက် အထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက် အမှတ် (၁/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့သည်။

၂ဝ၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာ လိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ သည် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာခွင့်ကို ၂၀၁၆ခုနှစ် နိုဝင်ဘာလမှစပြီး ၂ဝ၁၇ ခုနှစ် မတ်လ ၁၅ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင် လျှောက်ထား နိုင်ကြောင်း ကော်မရှင်ထံမှ သိရသည်။

ကိုယ်စားလှယ်လောင်း ၉၅ ဦးယှဉ်ပြိုင်မည်

ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေး ပါတီ ၂၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦး နှင့် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.