Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးညီလာခံ စတင်လိုက်ပြီး နိုင်ငံသားများ မလိုအပ်ဘဲ ဆုံးရှုံးခြင်းများ မဖြစ်အောင် အားလုံးကြိုးစားရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပနေစဉ်(ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးညီလာခံ စတင်လိုက်ပြီး နိုင်ငံသားများ မလိုအပ်ဘဲ ဆုံးရှုံးခြင်းများ မဖြစ်အောင် အားလုံးကြိုးစားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ငြိမ်းချမ်းရေးရရှိစေရန် စောင့်နေရသည့်အချိန်တွင် မိမိတို့နိုင်ငံ မည်မျှနစ်နာနေသည်ကို စဉ်းစားကြရန် လိုကြောင်း၊ ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး မကြာခဏ တွေ့ဆုံမှသာ အမြင်ချင်း ဖလှယ်နိုင်ပြီး လိုအပ်သည့် တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံမှုသည် စာရေးတွေ့ဆုံမှု၊ ကြားခံလူများနှင့် တွေ့ဆုံမှု မျိုးနှင့် မတူနိုင်ကြောင်း၊ ကြားခံလူများနှင့်တွေ့ဆုံခြင်းသည် စကားလုံးများအပေါ် နားလည်မှု လွဲမှားနိုင်ကြောင်း၊ တွေ့ဆုံခြင်းဆိုသည်မှာ သဘောထားညှိနှိုင်းရန်၊ နားလည်မှု ရရှိရန်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပူးတွဲဆောင်ရွက်ရမည့် ကော်မတီဖွဲ့စည်းထားခြင်း၊ လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ၈ ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း၊ အခက်အခဲများဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းခြင်းနှင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ထိုးနိုင်ရန် ဆောင်ရွက်နေခြင်းသည် ငြိမ်းချမ်းရေး၏ အနှစ်သာရဖြစ်သည့် တစ်ဦးကိုတစ်ဦး လေးစားအသိအမှတ်ပြုမှု ကို ပြည်သူလူထုအကြားနှင့် နိုင်ငံတကာအထိ ပျံ့နှံ့အောင် ဆောင်ရွက်ရာရောက်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပသွားမည်ဟု သိရသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက
ဆိုသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေး မူဝါဒဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ အကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက NCA လက်မှတ် ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှု အခြေအနေများကို လည်းကောင်း၊ အကြိုပြင်ဆင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြားကြပြီး ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်း တို့က ပြန်လည် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.