Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်အား ဥက္ကဋ္ဌ အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ပါဝင် ဖွဲ့စည်း

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်အား ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် အပါအဝင် မြန်မာနိုင်ငံသားနှင့် နိုင်ငံတကာမှ ပုဂ္ဂိုလ် တို့အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၉ ဦးဖြင့် ပါဝင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုကော်မရှင် အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် ပြီးနောက် ရှာဖွေ တွေ့ရှိချက် များနှင့် လေ့လာသုံးသပ် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိ နိုင်ရေးအတွက်လည်း အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ်ကြောင်း အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လ ကာလထက် နောက်မကျစေဘဲ တင်ပြရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည် နည်းလမ်းကောင်း များကို ရှာဖွေသွားမည်ဖြစ်ပြီး ရေရှည် နည်းလမ်းကောင်းများရရှိရေးအတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ရာ ထိုကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန နှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
ထိုကော်မရှင်သည် ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့်အခြေခံအခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများနှင့် အခြေခံလူမှုဝန်ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူ အညီများပံ့ပိုးရေး၊ အခွင့်အရေး များနှင့် ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာသုံးသပ်မှုပြုလုပ်၍ အကြံပြု တင်ပြမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာဆက်နွှယ်မှုတို့ကိုလည်း ကော်မရှင်အနေဖြင့် သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အကြံပေးကော်မရှင်၏အဖွဲ့ဝင်များ အဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးဝင်းမြ ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒေါက်တာသာလှရွှေ ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၃-၂ဝဝ၆) မစ္စတာ ဂါဆန်ဆလမ် ၊ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး (၂ဝ၁၂-၂ဝ၁၅) မစ္စ လက်တီတီရာ ဗန်ဒန် အာဆမ် ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ) မှ ဦးအေးလွင် ၊ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဒေါက်တာမြသီတာ ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးခင်မောင်လေး ၊ ရခိုင်အမျိုးသမီးများအသင်းမှ ဒေါ်စောခင်တင့် တို့ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.