Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရ ဆုပ်ကိုင်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးအနက် တိုက်တွန်း 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရ ဆုပ်ကိုင်ကြရန် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် အလေးအနက် တိုက်တွန်း ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ကျွန်မတို့ရဲ့ တပ်မတော်ရော ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော ၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော အားလုံးအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ထွက်ပေါ်လာတဲ့ အခွင့်အလမ်းကောင်းတွေကို မိမိရရ ဆုပ်ကိုင်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်း ပြောကြားလိုပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုသည်မှာ  သီးသန့်တည်ရှိပြီး သီးသန့် သဘောသွားနေသော လုပ်ငန်းစဉ်တစ်ရပ် မဟုတ်ကြောင်း ၊ ယနေ့ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်င်ငံ၏ စီးပွားရေး တိုးတက်မှုအခြေအနေ၊ လက်ရှိအချိန် COVID-19 ကပ်ရောဂါ၏ ကျန်းမာရေး ၊ ပညာရေး အကျိုးဆက်များ ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှု၏ သက်ရောက်မှုများကို ရင်ဆိုင်နေရသည့် အခြေအနေ ၊ COVID-19 အလွန် New Normal “နေထိုင်မှုပုံစံအသစ်” အခြေအနေ၊ ဒီမိုကရေစီ နည်းလမ်းတကျ လူထုဆန္ဒနှင့်အညီ ကျင်းပမည့် ရွေးကောက်ပွဲများ၏ အခြေအနေ ၊ အားပြိုင်မှု မြင့်မားလာ နေသော နိုင်ငံတကာ အခြေအနေ နှင့် ပထဝီ နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်ပြီး ဖြစ်ထွန်းနေခြင်း ဖြစ်သည်ကို သတိချပ်ကြရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ) 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က”အခု ညီလာခံမှာ ချုပ်ဆိုကြမယ့် ပြည်ထောင်စုသဘောတူ စာချုပ်ဟာ ကျွန်မတို့ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ မျှော်လင့် တောင့်တခဲ့ပေမယ့် အရာထင်မလာခဲ့တဲ့ အခြေခံမူတွေကို ချမှတ်နိုင်ရုံ သာမက လက်တွေ့မှာပါ မဖြစ်မနေ အကောင်အထည်ဖော် ကျင့်သုံး ရမယ့် လုပ်ငန်းစဉ်တစ်ရပ်ကို ကတိကဝတ် ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်မတို့အားလုံး လက်တွဲလျှောက်လှမ်းခဲ့တဲ့ အရွေ့ဟာ သမိုင်းနဲ့ ချီတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့အားလုံး စုပေါင်း စိုက်ထူ လိုက်နိုင်တဲ့ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခု ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း (၃)တွင် (၁) အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ (၄) ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (၅) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး ဆိုသည့် လုပ်ငန်းစဉ်ကြီး

(၅)ခုလုံး ဟန်ချက်ညီ ရောယှက် ပါဝင်နေကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။ 

“ဒီလုပ်ငန်းစဉ်(၅)ရပ်ကို လက်တွေ့ကျကျ ဆက်လက် ဖော်ဆောင်နိုင်မယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေကိုလည်း အားလုံးသဘောတူ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ ထူးခြားချက် ဖြစ်သလို ကျွန်မတို့အားလုံး (၄)နှစ်ကျော်ကာလအတွင်း ကြိုးပမ်း အားထုတ်ခဲ့ရသမျှရဲ့ အကျိုး ရလဒ်၊ သမိုင်းမှတ်တိုင်တစ်ခုလို့ ဆိုချင်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

အဆိုပါ လုပ်ငန်းစဉ်(၅)ခုကို စုစည်းပြီး လက်တွေ့ဖော်ဆောင်ရေး နှင့် ချုပ်လိုက်မည် ဆိုပါက ၂၀၂၀ အလွန် ရှေ့ဆက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လုပ်ငန်းစဉ်ကြီး (၃) ခုရှိနေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးအား ဩဂုတ် ၁၉ ရက်မှ ၂၁ ရက် အထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အား ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)