Connect with us

Politics, Law & Military

တပ်မတော်(ရေ)သည် ဒေသတွင်း ပင်လယ်ပြင်ကိုစိုးမိုးနိုင်သော အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

နှစ်(၇၁)ပြည့် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင် အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တပ်မတော်(ရေ)သည် ဒေသတွင်း ပင်လယ်ပြင်ကိုစိုးမိုးနိုင်သော (Regional Blue Water Navy) အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း(၇၁)နှစ်ပြည့် တပ်မတော်(ရေ) နှစ်ပတ်လည်အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ တပ်တော်ဝင် အခန်းအနားတွင် စစ်ရေယာဉ် ၇ စီးအား တပ်တော်ဝင်နိုင်ခဲ့ပြီး ထူးခြားချက်အနေဖြင့် တပ်မတော်(ရေ)အတွက် မရှိမဖြစ်လိုအပ်သည့် ၆၅ မီတာ ရေပေါ်လွန်းကျင်း(ဆရာရှမ်း -၂) အား တပ်တော်ဝင်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ဝေးလံသည့် ရေတပ်စခန်း ဌာနချုပ်များမှသင်္ဘောများအား ရေပေါ်လွန်းကျင်းတွင် လွန်းတင်ပြင်ဆင်နိုင်ပြီဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းများနှင့် လုပ်ငန်းခွင်အဆင်ပြေ ချောမွေ့ခြင်းစသည့် အကျိုးကျေးဇူးများကိုခံစားရမည်ဖြစ်ကြောင်း၊ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ်မှစ၍ ရေယာဉ် မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေးကုန်ကျမှုကိုလျှော့ချ နိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့်၊ စွမ်းရည်ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

(၇၁)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ) များနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ပြည်တွင်း၌ပင် တပ်မတော်(ရေ)အင်ဂျင်နီယာများဖြင့် တည်ဆောက် နေမှုများ၊ ယခင်စစ်ရေယာဉ်များအား အဆင့်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ မြန်မာ့ ပင်လယ်ပြင် လုံခြုံရေးအတွက်တပ်မတော်(ရေ)၏ စွမ်းပကားအရေးပါမှုနှင့် စွမ်းရည်မြင့်မားလာမှုအခြေအနေများ၊ တပ်မတော်(ရေ)ကို စွမ်းရည်၊ စွမ်းအားရှိသည့် ခေတ်မီ တပ်မတော်(ရေ) ဖြစ်အောင် တိုးချဲ့တည် ဆောက်နိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော ၆၅ မီတာ ရေပေါ်လွန်းကျင်း(ဆရာရှမ်း-၂)၊ သံချပ်ကာ ယာဉ်များတင်ဆောင်ထားသည့် ၂၉ မီတာကမ်း ထိုးရေယာဉ်များနှင့် ၂၆ မီတာ ပင်လယ်သွား တွဲ/ဆွဲရေယာဉ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.