Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော်မှ အမှတ် (၃) စစ်တိုင်းမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်မှ အမှတ် (၃) စစ်တိုင်းမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် (ဓတ်ပုံ-M.O.I)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-ထိုင်း နှစ်နိုင်ငံ မြို့နယ် အဆင့် နယ်ခြားကော်မတီ (TBC) ၊ ဒေသဆိုင်ရာ နယ်ခြား ကော်မတီ (RBC) ဆွေးနွေးပွဲများ၏ ရလဒ်များကြောင့် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုများ ရရှိစေခြင်းများ ဖြစ်ပေါ်ခဲ့သည့် အတွက် ယင်းတို့အား ဆက်လက် ထိန်းသိမ်းသွားကြရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၃၀) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ထိုင်း ဘုရင့်တပ်မတော်မှ အမှတ် (၃) စစ်တိုင်းမှူး Lt. Gen. Somsak Nilbanjerdkul ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် Lt. Gen. Somsak Nilbanjerdkul က မိမိတို့ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု အမြင့်ဆုံး ကာလသို့ ရောက်ရှိနေပါကြောင်း၊ ယခု RBC ဆွေးနွေးပွဲတွင်လည်း တစ်ဖက်နှင့် တစ်ဖက် နားလည်မှုကို အခြေခံ ဆွေးနွေးခဲ့သည့် အတွက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်နှင့် နှစ်ဖက်ပြည်သူများ အကျိုးအတွက် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ပြောကြား၍ (၃၀) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များကို ရှင်းလင်း တင်ပြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိတိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က မြန်မာ့တပ်မတော် RBC (Regional Border Committee-RBC) အဖွဲ့ခေါင်းဆောင် အဖြစ် သုံးကြိမ်တိုင် ဦးဆောင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ RBC အစည်းအဝေးများတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အတွက် သဘောထား မှန်ကန်စွာ လုပ်ဆောင်ခဲ့ သဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ၊ ယခု ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နှစ်နိုင်ငံ နယ်စပ်ဒေသ သစ်တောများ ပြန်လည် စိုက်ပျိုးရေး အစီအစဉ်မှာလည်း ကောင်းမွန်ကြောင်း၊ မိမိတို့နှစ်နိုင်ငံက စံပြု Model တစ်ခုအဖြစ် အောင်မြင်အောင် ဆောင်ရွက်ပြီး အာဆီယံ ဒေသတွင်း နိုင်ငံများ၌ပါ လုပ်ဆောင်ပါက ပိုမို ကောင်းမွန်ကြောင်း၊ သစ်ပင် စိုက်ပျိုးရေးမှာ ကမ္ဘာတစ်ဝန်းလုံး လုပ်ဆောင်သင့်ကြောင်း၊ သစ်တော၊ သစ်ပင်ရှိမှ ရာသီဥတု သင့်တော် မျှတစေသလို နိုင်ငံ့စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ် အာမခံချက် ရှိနိုင်သဖြင့် မိမိနိုင်ငံများ အတွင်းတွင်လည်း တစ်ပိုင်တစ်နိုင် သစ်တောများ ဖန်တီးပေးရန် လိုကြောင်း၊ တစ်ဖက်တွင်လည်း သစ်တောများ ခုတ်လှဲမှုများကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန် လိုကြောင်း အကြံပြု ဆွေးနွေးသည်။
အဆိုပါ (၃၀) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို ဇွန်လ ၂၁ ရက်မှ ၂၂ ရက်ထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် မိုင် ၁,၁၀၀ ကျော် နယ်နိမိတ် ထိစပ်နေပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာမှု ရှိအောင် မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြား ကော်မတီ (Township Border Committee-TBC)၊ ဒေသဆိုင်ရာ နယ်ခြား ကော်မတီ (Regional Border Committee-RBC)နှင့် အဆင့်မြင့် ကော်မတီ (High Level Committee –HLC) စသည်ဖြင့် အဆင့်အလိုက် အစည်းအဝေးများကို နှစ်စဉ် အလှည့်ကျ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.