Connect with us

Politics, Law & Military

တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေအမှာစကားပြောကြားစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ နယ်စပ်ကုန်သွယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် မှာကြားခဲ့သည်။ 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဒီဇင်ဘာ ၆ ရက် တွင် ထားဝယ်ခရိုင် ထားဝယ် မြို့နယ်ရှိ ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းနှင့် မြိတ်ခရိုင် တနင်္သာရီ မြို့နယ်ရှိ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတို့အား ကြည့်ရှု စစ်ဆေးခဲ့‌ကြောင်း သိရသည်။ 

ဒုတိယသမ္မတက ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်း မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံ အဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင်ရန်အတွက် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဖွဲ့စည်း၍ လုပ်ငန်း တာဝန် (၁၃) ရပ်ချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ တိုးတက်ရရှိစေရန်၊ ပြည်တွင်းရှိ MSME များအား အကာ အကွယ်ပေးနိုင်ရန်၊ တရားမဝင် ကုန်သွယ်မှုများကို ဖော်ထုတ်အရေးယူ နိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်နှင့် ဈေးကွက်အတွင်း မှန်ကန်စွာယှဉ်ပြိုင် လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ပါ ကြောင်းပြောကြားခဲ့သည်။ 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထီးခီးနယ်စပ်ဂိတ်နှင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတို့ အား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းကို ၂၀၁၁ ခုနှစ် မတ် ၂၇ ရက်မှ စတင်၍ နဘုလယ်၌ ယာယီဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၁ ရက်တွင် မြန်မာ – ထိုင်းနယ်စပ်ရှိ ထီးခီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ လက်ရှိ ကုန်သွယ်ရေးစခန်းနေရာရုံး အသစ်သို့ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ သည်။ ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းသည် ထားဝယ်မြို့မှ ၉၇ မိုင် အကွာတွင် တည်ရှိပြီး နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်နှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက တရား မဝင်ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ် များကို တိုက်ဖျက်သွားကြရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တာဝန်ရှိသူများအနေဖြင့် အောင်မြင် အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ချမှတ်ထား သည့်ရည်ရွယ်ချက်များနှင့် ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ပို့ကုန်၊ သွင်းကုန်ကုန်သွယ်မှုစာရင်း ကွာဟမှုမရှိစေရေးအတွက် တရား မဝင်ကုန်ပစ္စည်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် မောတောင်နယ်စပ်စစ်ဆေးရေးဂိတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.