Connect with us

Politics, Law & Military

မြန်မာနိုင်ငံက သတိကြီးစွာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရမည်

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ခေါင်းဆောင် သူရ ဦးရွှေမန်း ဖြေကြားနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက ်(ဆင်ဟွာ)

လွှတ်တော်ထဲ၌ ဖြစ်ပေါ်နေသော အခြေအနေ၊ နိုင်ငံတော်၏ အခြေ အနေ၊ နိုင်ငံတကာ နယ်ပယ် အခင်းအကျင်းသည် မြန်မာနိုင်ငံသားများ အနေဖြင့်ရော မြန်မာနိုင်ငံ အစိုးရ အနေဖြင့်ရော သတိ ကြီးစွာ၊ စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ရမည့် အနေအထားဖြစ်သည်ဟု ပြည်ထောင်စု ကောင်း ကျိုးဆောင် ပါတီ ခေါင်းဆောင်သူရ ဦးရွှေမန်းက ယနေ့ သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

“လိုချင်တာက သွေးစည်း ညီညွတ်ရေး၊ လိုချင်တာက ရင်ကြားစေ့ရေး၊ လိုချင်တာက အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုပေမယ့် ဒီနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ဒီလိုအခြေအနေမျိုးကို မရောက်ဘဲနဲ့ တချို့ ကိစ္စတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်နေတယ်လို့တောင် ယူဆရမလို ဖြစ်နေတယ်။ အဲလိုပဲ နိုင်ငံတကာ အရေးအခင်း နယ်ပယ်မှာလည်း မိမိတို့ မြန်မာနိုင်ငံ သတိကြီးစွာနဲ့ စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ရမယ့် အနေအထား ရှိတယ်လို့ပဲ ဖြေကြားလိုပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီရုံးချုပ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။(ဆင်ဟွာ)

ထို့အပြင် ICJ က တရားစွဲထားသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအနေဖြင့် တာဝန်ခံပြီး သွားရောက် ဖြေရှင်းသည့်အပေါ် ပြည်ထောင်စု ကောင်းကျိုး ဆောင် ပါတီက ကြိုဆို ထောက်ခံပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သမ္မတ မဟုတ်သော်လည်း နိုင်ငံ့ ခေါင်းဆောင်၊ ပါတီ တစ်ခု၏ ခေါင်းဆောင် ဖြစ်ကြောင်း၊ နိုင်ငံတွင် တာဝန်အရှိဆုံး ဖြစ်သည့်အတွက် ယခုကဲ့သို့ တာဝန်သိပြီး သွားရောက် ရင်ဆိုင် ဖြေရှင်း ဆောင်ရွက် ခြင်းမှာ အင်မတန် ကောင်းမွန်ကြောင်း၊ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်မည်ဟုလည်း မျျှော်လင့် ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များကို မှန်မှန်ကန်ကန် တင်ပြနိုင်မည့် အခွင့်အရေး တစ်ရပ်ဟု ယူဆကြောင်း၊ အဆိုပါ ကိစ္စ၏ နောက်ပိုင်း၌ နိုင်ငံသူ နိုင်ငံသားများက အရေးကြီးလျှင် သွေးစည်းရမည်ဟူသော စကားအတိုင်း သွေးစည်းကြရမှာ ဖြစ်ကြောင်း၊ အမှန်အားဖြင့် မိမိတို့နိုင်ငံ တိုးတက်စေလိုလျှင် သွေးစည်းညီညွတ်ရေးက အဓိက ကျကြောင်း၊ မြန်မာနိုင်ငံ တည်ရှိနေသရွေ့ နိုင်ငံသားများ သွေးစည်းကြရမှာ ဖြစ်ကြောင်း၊ ICJ ကိစ္စကို တာဝန်ယူပြီး သွားရောက် ဆောင်ရွက် သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ကျေပွန်ရေးတွင် မိမိတို့ နိုင်ငံသား အားလုံးက တတ်စွမ်း သမျှ ဝိုင်းဝန်း ကူညီကြရမည် ဖြစ်ကြောင်းလည်း သူရ ဦးရွှေမန်းက ပြောခဲ့သည်။

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ကို အများအကျိုး နိုင်ငံ့အကျိုး ဆောင်ရွက်လိုစိတ် ရှိသူ၊ အတွေ့အကြုံရှိသူ၊ အရည်အချင်း ရှိသူ ၁၉ ဦးတို့ဖြင့် ၂၀၁၉ ဧပြီလ ၂၅ ရက်နေ့က စတင်ဖွဲ့စည်း ခဲ့ပြီး စည်းရုံး လှုပ်ရှားလာခဲ့ကြောင်း၊ မြို့နယ် ၂၃၀ တို့တွင် မြို့နယ်ရုံးများ၊ ရပ်ကျေး အုပ်စုပေါင်း လေးထောင်ကျော်မှာ ကျေးရွာရုံးများ ဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိရာ ပါတီ ဌာနချုပ်၊ တိုင်းဒေသကြီး ပြည်နယ် ရုံးခွဲများ၊ မြို့နယ် ရုံးခွဲများအသီးသီးသို့ ပါတီဝင် အဆိုပြုလွှာများ ရရှိထားရာ ဌာနချုပ်သို့ ရောက်ရှိ သည့် အဆိုပြုလွှာ တစ်မျိုးတည်းပင် သုံးသိန်းကျော် ရှိကြောင်း၊ ပါတီဝင် အဆိုပြုလွှာ များပြားရခြင်းမှာ နိုင်ငံ၏ အခြေအနေ အရ ပြည်သူတို့၏ စား ဝတ် နေရေး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည် ဟူသည့် မျှော်လင့်ချက်များဖြင့် ဝင်ရောက်လာသူ များကြောင့် ဖြစ်ကြောင်း၊ မိမိတို့ ပါတီသည် နိုင်ငံ့ အကျိုးစီးပွား အတွက် လိုအပ်ပါက မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်း၊ မည် သည့် ပုဂ္ဂိုလ်နှင့် မဆို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပါတီ၏ အနောက်တွင် အချို့က ယူဆနေသကဲ့သို့ မည်သည့် လက်မည်းကြီးမှ မရှိကြောင်း နိုင်ငံရေးကို နိုးနိုးကြားကြား တက်တက် ကြွကြွ ဆောင်ရွက်လိုသောကြောင့် ပါတီထောင်ရခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စု ကောင်းကျိုး ဆောင် ပါတီ ခေါင်းဆောင် သူရ ဦးရွှေမန်းက မီဒီယာသို့ ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.