Connect with us

Politics, Law & Military

တရုတ် နိုင်ငံအနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ပေးချင်သော စိတ်ဆန္ဒနှင့် မူဝါဒ ပေါ်လစီများ ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ မင်းဇော်ဦးက ဆင်ဟွာသို့ပြောကြား

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးမှ ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူးအားဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ပေး ချင်သော စိတ်ဆန္ဒ နှင့် မူဝါဒ ပေါ်လစီများ ရှိကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ယနေ့ဆင်ဟွာနှင့် သီးသန့်တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေးက နံပတ်တစ် ပြဿနာက ပြည်တွင်း ပြဿနာပါ။ ဒီပြဿနာ တွေ မဖြေရှင်းနိုင်လို့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတာ။ ကျွန်တော့် အမြင်က မြန်မာ ပြည်တွင်းရေး ပြဿနာကို ဘေးပတ်ဝန်း ကျင် နိုင်ငံတွေ တာဝန်ရှိတယ်လို့ သွားပြောလို့မရဘူး”ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန အစီအစဉ် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေး စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့အား လက်မှတ် မရေးထိုးရန် တရုတ် အထူး သံတမန်က ဖိအားပေးခဲ့သည်ဟု ၎င်းကပြောဆိုခဲ့ခြင်း မဟုတ်ကြောင်းလည်း ဒေါက်တာ မင်းဇော်ဦးက ငြင်းဆို ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လေ့လာသူ အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူ ယခင် တရုတ် အထူးသံတမန် ဝမ်ရင်ဖန်နှင့် ယခု တရုတ် အထူးသံတမန် ဆွန်ကောက်ရှန်းတို့အပေါ် ၎င်း၏ အမြင်မှာ “သူတို့က ပညာရှင်တွေ ဖြစ်တဲ့ သံတမန်တွေ ၊ သံတမန်တွေရဲ့ လုပ်ထုံး လုပ်နည်း နဲ့ ပညာရှင် ဆန်ဆန် ၊ နည်းလမ်း ကျကျ လုပ်သွားမယ်လု့ိ ကျွန်တော်မြင်တယ်။ သူတို့ လေ့လာသူ အနေနဲ့ လာတယ်။ တကယ်ပဲ လေ့လာသူ အနေနဲ့ လုပ်သွားတယ်။ ဘာမှ နှစ်ဘက်စလုံး အပေါ်မှာ ဆွေးနွေးပွဲထဲမှာ ဖိအားပေး လုပ်ဆောင် သွားတာတွေ မရှိပါဘူး။ ဒါကတော့ ကျွန်တော်တို့ တောက်လျှောက် မြင်ရတာတွေပေါ့ ”ဟု ဒေါက်တာ မင်းဇော်ဦးက ဆက်လက် ပြောကြားပြောသည်။

“ကျွန်တော့်အမြင်က မြန်မာပြည်ရဲ့ပကတိ အနေအထားအရ ၊ တရုတ်နိုင်ငံနဲ့ထိစပ်မှု ၊ ဆက်ဆံမှု အရ ဘယ်လိုအစိုးရ ၊ ဘယ်လို စနစ်ပဲ ဖြစ်ဖြစ် နှစ်ဘက် နွေးထွေးတဲ့ ဆက်ဆံရေး ရှိရမယ် ဆိုတာတော့ ကျွန်တော် မြင်တယ် ”ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ကြည့်မည်ဆိုပါက မြန်မာအစိုးရ အဆက်ဆက် ယခင်ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော နွေးထွေးသည့် ဆက်ဆံရေး ရှိရမည် ဆိုသည့် မူဝါဒ ပေါ်လစီနဲ့ဆက်ဆံခဲ့ကြပြီး ယင်း အခင်းအကျင်းသည် မည်သည့် အစိုးရ တက်တက် ပြောင်းလဲမည် မဟုတ်ဘဲ ယခုအစိုးရ လက်ထက်လည်း ပြောင်းလဲမည် မဟုတ်သလို နောက်အစိုးရ တက်လာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံကြား ချစ်ကြည် ရင်းနှီးသည့် အခင်းအကျင်းဖြင့် ဆက်ဆံ ကြမည် ဖြစ်ပြီး ယင်းမှာ အပြောင်းအလဲ မရှိကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ယခုလက်ရှိအချိန်တွင် အစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် မရေးထိုးသည့် အဖွဲ့နှင့် လက်မှတ်ထိုးမည့် အဖွဲ့များကြားတွင် ပူးပေါင်းဆောင်ရွက်ပြီး ရှေ့ဆက်သွားနိုင်ရန် ကြိုးစားသည့်အခါတွင် အစိုးရ၏ ရည်မှန်းချက်မှာ လက်မှတ်မရေးထိုးရသေးသည့် သူများသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ရန် ဖြစ်သည်။ယင်းအဖွဲ့များ ယခု လက်မှတ် မရေးထိုး၍ ဆွေးနွေးပွဲများတွင် မပါဝင်ရသည့် မူဝါဒမျိုး မဟုတ်ဘဲ ယခု လက်မှတ် မထိုးသော်လည်း နောင်အဆင်သင့်ဖြစ်ပါက လာနိုင်ရန် လမ်းကြောင်းကို အမြဲဖွင့်ထားကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ယခု လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ က ယခုလ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။ (Xinhua)