Connect with us

Politics, Law & Military

ဒုတိယ အကြိမ် လွှတ်တော် အသီးသီး အနေဖြင့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့၏ ကောင်းမြတ်သည့် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်း ပူးပေါင်း ဆောင်ရွက် နိုင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေစဉ် (ဓာတ်ပုံ- MPU)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

နောင်ဖြစ်ပေါ်လာမည့် ဒုတိယ အကြိမ် လွှတ်တော် အသီးသီး အနေဖြင့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့၏ ကောင်းမြတ်သည့် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်း ပူးပေါင်း ဆောင်ရွက် နိုင်ပါရန် တိုက်တွန်း ကြောင်း မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union)မှ ယနေ့ဇန်နဝါရီ ၂၅ ရက် တွင် စုပေါင်း လက်မှတ် ရေးထိုး၍ ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာ အဖွဲ့ အစည်းအဝေးများကို ၂၀၁၂ ခုနှစ်တွင် ၂ ကြိမ် ၊ ၂၀၁၃ ခုနှစ်တွင် ၃ ကြိမ် ၊ ၂၀၁၄ ခုနှစ်တွင် ၆ ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လွှတ်တော် အသီးသီး၏ ဥပဒေပြုရေး မဏ္ဍိုင် တစ်ရပ် အနေဖြင့် ခိုင်မာစွာ ရပ်တည်၍ နိုင်ငံတော် နှင့် ပြည်သူများ အကျိုးစီးပွား ကာကွယ် ဖြစ်ထွန်းစေမည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး နှင့် လွှတ်တော် အသီးသီး၏ အရည်အသွေးပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတတ်ရေး ကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) ကို လွှတ်တော် အသီးသီး၏ လုပ်ငန်း ဆောင်ရွက်မှု နည်းလမ်းများ မှန်ကန် ခိုင်မာပြီး အရည်အသွေး မြင့်မား တိုးတက်ရေး တို့အတွက် ညှိနှိုင်း ဆွေးနွေး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ အားလုံးတွင် ပါတီစုံ ဒီမိုကရေစီ နှင့် ဈေးကွက် စီးပွားရေး စနစ်ကို ညီညွှတ် မျှတစွာ တိုးတက် ရရှိစေမည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်နိုင်စေရန် ရည်ရွှယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအတူ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့အစည်းအဝေး (၁/၂၀၁၆)ကို ယနေ့နံနက်ပိုင်း အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌများ၊လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.