Connect with us

Politics, Law & Military

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူ ၃၈၆ဦးမှ ၂၆၂ဦး စိစစ်ခွင့်ပြုခဲ့ဟုဆို

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ (၁/၂၀၁၇) အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုအတွက် လျှောက်ထားသူ ၃၈၆ဦးရှိရာမှ ၂၆၂ဦးကို စိစစ်ခွင့်ပြုထားပေးပြီးဖြစ်ကြောင်း နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီထံမှ သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ (၁/၂၀၁၇) ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၁)ရက် နေ့လည်(၂)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် ပဏာမစိစစ်ထားသူ (၈၉)ဦးနှင့် ယခင်စိစစ်ရန် ကျန်(၁၅)ဦး၊ စုစုပေါင်း(၁၀၄)ဦးအား မိမိတို့ ဗဟိုကော်မတီဝင်များမှ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးသပ် အကြံပြုကြရန်နှင့် ဗဟိုကော်မတီမှ သဘောတူအတည်ပြုချက်ရရှိပြီးပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ ဆက်လက်တင်ပြ ခွင့်ပြုချက်ရယူ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးတွင် ဆွေးနွေးကြသည်။

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက် ဖြင့် ၂၀၁၆ အောက်တိုဘာ ၂၀ရက်နေ့တွင် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီကိုလည်း အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ကျင်းပခဲ့သည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် (၁/၂၀၁၆) အစည်းအဝေး တွင် နိုင်ငံခြားသားအမြဲ နေထိုင် ခွင့်ဆိုင်ရာ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ခေတ်စနစ် အခြေအနေနှင့်ကိုက်ညီစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေး၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထား သူများ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်ချက်များ အခက်အခဲများကို လေ့လာသုံး သပ်ပြီး ဖြေလျှော့ပြင်ဆင်နိုင်သည့်အချက်များကို ညှိနှိုင်းဆွေးနွေး၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ၂၇-၄-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၂၆/ ၂၀၁၇) ဖြင့် ပြင်ဆင်သည့် နည်းဥပဒေများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.