Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတ များ နှစ်သစ်ကူးဆုတောင်းစကားများပြောကြား

နိုင်ငံတော်သမ္မတဦးထင်ကျော်အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

၁၃၇၉ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဒုတိယ သမ္မတ များဖြစ်ကြသော ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူတို့မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

သမ္မတဦးထင်ကျော်က “တစ်နှစ်တာကျော်လွန်ခဲ့ပြီးဖြစ်တဲ့ ကျွန်တော်တို့အစိုးရသစ်ရဲ့ လမ်းခရီးမှာ အောင်မြင်မှုတွေရှိခဲ့သလို ရှေ့မှာ စိန်ခေါ် မှုတွေလည်း ဆက်လက်ရင်ဆိုင်ကျော်လွှားရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ လုပ်ငန်းသဘောသဘာဝအရ အလွန်နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် သတိကြီးစွာနဲ့ အစစအရာရာမှာ အထူးသတိထား ဆောင်ရွက်နေရပါတယ်’’ ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က ကြိုးပမ်းနေသည့် အချိန်တွင် ထိုနိုင်ငံရေးဖြစ်စဉ် အတွက် ပြည်သူများမှ စေတနာနှင့် ထည့်ဝင်လှူဒါန်းငွေ သန်းထောင် ပေါင်းများစွာကို လက်ခံရရှိခဲ့ကြောင်း၊ ထိုအချက်သည် ရှေ့ဆက်ရမည့် ခရီးအတွက် အားရ ဖွယ်ရာ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ်အတွင်းတွင် ပြည်သူများ အတွက် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိကြောင်း သမ္မတဦးထင်ကျော်မှ ဆိုသည်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေအားတွေ့ရစဉ် (ဓာတ်ပုံ– နိုင်ငံတော်သမ္မတရုံး)

ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူအားတွေ့ရစဉ် (ဓာတ်ပုံ– နိုင်ငံတော်သမ္မတရုံး)

ပြည်သူအများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေးကို ဆောင်ရွက်သည့် နေရာ တွင်လည်း အားပေးကူညီချင်ကြသည့် နိုင်ငံအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အထောက်အပံ့၊ ချေးငွေ၊ နည်းပညာအကူအညီစတာတွေကို သိသာထင်ရှားစွာ တိုးမြှင့်ပေးလာကြတာကို တွေ့ မြင်ရကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရ၏ စီးပွား ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကြောင့်လည်း ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာမယ်လို့ မျှော်လင့်ရကြောင်း ၎င်းကဆိုသည်။

သမ္မတဦးထင်ကျော်က “ဒီနေရာမှာ ပြည်သူတွေကို အသိပေးပြောကြားလိုတာ တစ်ခုတော့ရှိပါတယ်။ အဲဒါက နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ အကူအညီတွေရရှိတဲ့နေရာမှာ ထောက်ပံ့ရရှိငွေကို တိုင်းပြည်အတွက်၊ ပြည်သူတွေ အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုအသုံးချမယ်ဆိုတာ အလေးထားပြီး ရွေးချယ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။’’ ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးစား လျှောက်လှမ်းနေရသော်လည်း မျှော်လင့်အားထားစရာ အကောင်းဆုံးအနေအထား တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အမျိုးသားရင် ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသည်သာ တစ်ခုတည်းသော အဖြေဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး စိတ်ဝမ်းမကွဲ ဆိုးတူကောင်းဖက် ဒီလမ်းကြောင်းကို လက်တွဲ လျှောက်လှမ်းနိုင်ကြမယ်ဆိုရင် အများပြည်သူတွေ မျှော်လင့်စောင့်စား နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ခရီးဟာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ မကြာမီမှာ ကျွန်တော်တို့ ပန်းတိုင်ကိုရောက်အောင် အောင်မြင်စွာ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြညကြောင်း ဦးထင်ကျော်မှ ဆိုသည်။

“၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားတဲ့အတိုင်း ပြည်သူများ အတွက် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းတွေ ဆောင်ကြဉ်းလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြင်ဆင်ပြောင်းလဲထားတဲ့ စီးပွားရေးနယ်ပယ် အခင်းအကျင်း တွေအရလည်း စီးပွားရေးတိုးတက်မှုတွေ သိသိသာသာ ရရှိလာနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။’’ ဟု သမ္မတဦးထင်ကျော်မှ ပြည်သူများအားပြောကြားခဲ့သည်။

မြန်မာနှစ်သစ်ကူးဖြစ်တဲ့ ၁၃၇၉ ခုနှစ်ဟာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး ပုံရိပ်များ ပိုမိုပေါ်ထွန်းလာမယ့်နှစ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဖြောင့် ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင် မယ့်နှစ်၊ မြန်မာ့သမိုင်းစာမျက်နှာမှာ တင်ကျန်ရစ်မယ့်နှစ် တစ်နှစ်ဖြစ်ပါစေ၊ ပြောင်းလဲနေတဲ့ ကမ္ဘာ့အလယ်မှာ လိုက်ပါပြောင်းလဲ တိုးတက်နိုင်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ပါစေ၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ သည်လည်း ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနဲ့ပြည့်စုံပြီး မိမိ အကျိုး၊ မိမိရဲ့ပတ်ဝန်းကျင်အကျိုး၊ နိုင်ငံအကျိုးကို ကျေပွန်စွာထမ်းရွက် နိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ကြောင်း ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှ ဆုမွန်တောင်းစကားပြောကြားခဲ့သည်။

ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ က “မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံး မြန်မာ့ရိုးရာယဉ်ကျေး မှု အတာသြင်္ကန်ရေကို ပက်ဖျန်းကာ နှစ်သစ်ကို ကြိုဆိုဆင်နွှဲလျက်ရှိနေ ကြတဲ့ ဒီအချိန်အခါသမယမှာ လူမျိုး ဘာသာမခွဲခြားဘဲ အချင်းချင်း မေတ္တာ စေတနာ ကရုဏာများထားပြီး တစ်အူ ထုံ့ဆင်း ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ ခေတ်သစ်ကို ပျော်ရွှင်လန်းဆန်းစွာ တက်ညီလက်ညီ ချီတက်နိုင်ကြပါ စေ” ဟု ဆုတောင်းစကားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.