Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ်တို့ ရခိုင်ဒေသပြသနာများဖြေရှင်းရေး သဘောထားအမြင်များ ဖလှယ်ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒိုတို့သည် နိုဝင်ဘာ ၁၀ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃နာရီခွဲတွင် ဗီယက်နမ်နိုင်ငံဒါနန်းမြို့ရှိ ဒါနန်း Furama Resort၌ တွေ့ဆုံပြီး ရခိုင်ဒေသပြသနာများဖြေရှင်းရေး သဘောထားအမြင်များ ဖလှယ်ဆွေးနွေးကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ရခိုင်ဒေသပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး၊ နိုင်ငံသား စိစစ်ရေး၊ ရခိုင်ဒေသရှိပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင် ထရူးဒို နှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကနေဒါနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ခရစ်စတီးယား ဖရီးလန်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဘော့ရေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်ထရူးဒိုတို့သည် ၂ဝ၁၇ခုနှစ် ဇွန် ၈ ရက်တွင် ကနေဒါနိုင်ငံ အော်တာဝါမြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာ – ကနေဒါနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ယခုထပ်မံတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————

(Unicode Version)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.