Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ၊ ဒုတိယ သမ္မတများ နှင့် ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ပါဝင်သည့် ကော်မတီ/ ကော်မရှင် များ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အထိမ်းအမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မေ ၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ ၊ ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင် ပါဝင်သည့် ကော်မတီ/ကော်မရှင် ၇ ခုကို ဖွဲ့စည်းထားရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာ ခဲ့သည်။

ထိုကော်မတီ/ကော်မရှင်များမှာ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီ ၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်း ကော်မရှင် ၊ အမျိုးသားစီမံကိန်းကော်မရှင် ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် ၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ၊ မြန်မာနိုင်ငံ အမျိုးသား ရှာဖွေ ကယ်ဆယ်ရေး ကော်မတီ ၊ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ တို့ဖြစ်ကြောင်း သိရသည်။
အမျိုးသားစီမံကိန်းကော်မရှင်ကို နိုင်ငံတော် သမ္မတက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပြည်သူလူထု အများစု၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် နိုင်ငံမှ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများနှင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ် ဆောင်ရွက်ခြင်း၊ လုပ်ငန်း မဆောင်ရွက်မီ ဖြစ်နိုင်ခြေ ရှိ/ မရှိ တို့ကို လေ့လာမှု ပြုရန် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် စရိတ်ကျော်လွန်သုံးစွဲသည့် လုပ်ငန်းစီမံချက် များ၊ သတ်မှတ်ကာလ ကျော်လွန် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများကို ထိရောက်စွာ ကြီးကြပ်နိုင်ရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ နစ်နာ ဆုံးရှုံးမှုများ ကိုလည်း အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို ဒုတိယ သမ္မတ(၁)က ဥက္ကဋ္ဌ ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဥက္ကဌအဖြစ် ဦးဆောင်၍ နိုင်ငံ၏ စီးပွားရေးပြောင်းလဲ တိုးတက်ရေး အတွက် ဈေးကွက် စီးပွားရေး စနစ်နှင့် အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင် အချိုး အစားသို့ ပြောင်းလဲ တိုးတက် လုပ်ဆောင် နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ် များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီကို ဒုတိယသမ္မတ (၂)က နာယက အဖြစ် ဦးဆောင် ပါဝင်၍ လက်တွေ့ကျသည့် စီမံကိန်းများနှင့် မူဝါဒများ မှန်ကန်စွာ ချမှတ်နိုင်ရန်၊ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ စောင့်ကြည့် လေ့လာရန်နှင့် သုံးသပ်နိုင်ရန်၊ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကိစ္စရပ်အား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ Stakeholders များနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေး ကော်မတီ ၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံကိန်း ကော်မရှင် ၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ၊ မြန်မာနိုင်ငံ အမျိုးသား ရှာဖွေ ကယ်ဆယ်ရေး ကော်မတီတို့အား သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြည်ထောင်စု ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ဦးဆောင်ပါဝင်၍ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.