Connect with us

Politics, Law & Military

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌဦးမျိုးညွန့် အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်နှင့် လုပ်ငန်းများအား နိုင်ငံတကာ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးများ၏ ဒီမိုကရေစီ စံနှုန်းများနှင့် နှိုင်းယှဉ် လေ့လာသည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည် တော်၊ ဒက္ခိဏ သီရိ မြို့နယ်ရှိ Kempinski Hotel တွင် ယနေ့နံနက်ပိုင်း ကျင်းပခဲ့သည်။

“ဒီနေ့ အလုပ်ရုံဆွေးနွေးပွဲက Workshop on The Role and Function of Constitutional Courts in Comparative Perspective ပါ၊ နိုင်ငံတကာမှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်ပြီး စီရင်ပိုင်ခွင့် ရှိ တဲ့တရားရုံးတွေ၊ ခုံရုံးတွေ၊ အမြင့်ဆုံးသော Supreme Courts တွေမှာ ကျင့်သုံးနေတဲ့ စနစ်တွေကို နှိုင်းယှဉ် လေ့လာမှု အနေနဲ့ အဘတို့ ဒီ workshop ကို ကျင်းပတာပါ” ဟု နိုင်ငံတော် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ ဝင် ဦးကျော်ဆန်းက မီဒီယာသို့ ပြောကြားသည်။

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား၌ နိုင်ငံတော် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းက မီဒီယာသို့ ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

“အဓိကကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကျင့်သုံးနေတဲ့ စီရင်ပိုင်ခွင့်တွေ၊ ဆောင် ရွက် သွားမယ့် လုပ်ငန်းစဉ်တွေကို နိုင်ငံတကာက ခုံရုံးတွေမှာ ကျင့်သုံးနေတဲ့ စီရင်ပိုင်ခွင့်တွေ လုပ်ငန်းစဉ် တွေနဲ့ Comparative study လုပ်သွားဖို့ပါ။ ဒီနေ့ကတော့ ပညာရပ်ပိုင်းဆိုင်ရာတွေကို အဓိက ထားပြီး လေ့လာ ဆွေးနွေးသွားမှာ ဖြစ်တဲ့ အတွက် အဘတို့ရဲ့ ခုံရုံးအဖွဲ့ဝင်တွေကိုရော၊ ခုံရုံးမှာ ရှိတဲ့ သုတေသန ပညာရှင်တွေကိုရော၊ ဥပဒေပညာရှင်တွေကိုပါ ဖိတ်ကြားထားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသည် ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်များက ပြဌာန်းလိုက်သည့် ဥပဒေများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိကိုလည်း ကောင်း၊ အုပ်ချုပ်ရေး အဖွဲ့များ ဖြစ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရ အဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု ရှိ မရှိ တို့ကို စိစစ် ဆောင်ရွက်ပေး ရသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်ပြီး လောလော ဆယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တင်ပြထားသည့် အမှုတွဲတစ်ခုကို လက်ခံထားပြီး မကြာမီ စိစစ် ကြားနာသွားမည် ဖြစ်ကြောင်း ဦးကျော်ဆန်းက ဖြည့်စွက်ပြောခဲ့သည်။ သို့ရာတွင် မည်သည့် ကိစ္စ ဖြစ်ကြောင်းကိုမူ ၎င်းက မပြောကြားခဲ့ပေ။

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာ ခုံရုံး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

သြစတြေးလျ – မြန်မာ အခြေခံ ဥပဒေဆိုင်ရာ ဒီမိုကရေစီ စီမံကိန်း (Australia – Myanmar Constitutional Democracy Project ) အရ နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက် ၊ နှစ်ရက်တိုင် ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲသို့နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌဦးမျိုးညွန့်နှင့်အတူ UNSW မှ professor Theunis Roux, Konrad Adenauer Stiftung Foundation ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် dr. Nobert Eschborn, Konrad Adenauer Stiftung Foundation ၏ အာရှဆိုင်ရာ ဥပဒေ စိုးမိုးရေး အစီအစဉ် (Rule of Law Programme Asia) မှ ms. Gisela တို့တက်ရောက်ခဲ့ကြပြီး ၎င်းတို့ လေးဦး က အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ အမှုတွဲ တင်သွင်းခွင့်နှင့် လုပ်ထုံး လုပ်နည်း များ၊ လက်ရှိ အလေ့အထများနှင့် အကျိုးဆက်များ၊ တရားရေးဆိုင်ရာ လွှဲပြောင်းခြင်းနှင့် တရားရုံး အချင်းချင်း ဆက်ဆံရေး၊ လူပုဂ္ဂိုလ် တစ်ဦးချင်းထံမှ အသနားခံလွှာ တင်သွင်းခြင်း၊ တရားရုံး ကြားနာခြင်း၊ ခုံရုံး ဆုံးဖြတ် ချက်များအား တရားဝင် ထုတ်ပြန်ခြင်းနှင့် ပြည်သူလူထုနှင့် ဆက်သွယ်ခြင်း၊ ဆက်သွယ်သည့် ဘာသာစကား၊ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြည်သူ များ လက်လှမ်းမီစေရန် မည်သို့ဆောင်ရွက်သင့်သနည်း အစရှိသည့် ခေါင်းစဉ် များကို ဆွေးနွေးသွားကြမည်ဟု သိရသည်။ (Xinhua)