Connect with us

Politics, Law & Military

နိုင်ငံသားများ စနစ်တကျ ဆန္ဒဖော်ထုတ်ခွင့် ရှိစေရန် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းအား ပြဌာန်းရန် လိုအပ်ဟုဆို

ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၁၁ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံသားများ အနေဖြင့် စနစ်တကျ ဆန္ဒဖော်ထုတ်ခွင့် ရှိစေရန် ဥပဒေကို ပြဌာန်းရန် လိုအပ်ခြင်း ဖြစ်ကြောင်း စိစစ် တွေ့ရှိရကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား ယနေ့မေလ ၁၁ ရက် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။

ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ရှင်းလင်း တင်ပြခဲ့ရာတွင် နိုင်ငံသားများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ စနစ်တကျ သုံးစွဲ ဆောင်ရွက်ရာတွင် လွယ်ကူ ရိုးရှင်းစွာ အသုံးပြုနိုင်ရေး အတွက် မှုလ ဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများအစား ဤဥပဒေကြမ်းကို လွှတ်တော်သို့ရေးဆွဲ တင်သွင်းရခြင်း ဖြစ်ကြောင်း စိစစ် တွေ့ရှိချက်များအား ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်သိန်းက ရှင်းလင်း တင်ပြခဲ့သည်။
ထို့ပြင် တည်ဆဲ ဥပဒေတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ပြုလုပ်လိုပါက သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ ခွင့်ပြုချက် တင်ပြ တောင်းခံပြီး ခွင့်ပြုချက် ရရှိမှသာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်သည် နိုင်ငံသားများ၏ မူလ အခွင့်အရေး ဖြစ်သည်နှင့် အညီ မိမိတို့အခွင့်အရေးကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေကြမ်းတွင် အသိပေး တင်ပြခြင်း ဆိုသည်မှာ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုရန် ဤဥပဒေပါ သတ်မှတ် ပြဌာန်းချက်များနှင့် အညီ သက်ဆိုင်ရာသို့အကြောင်းကြားခြင်းကို ဆိုသည်ဟု ပြင်ဆင် ရေးဆွဲခဲ့ကြောင်း လေ့လာ တွေ့ရှိရကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ သဘောထား မှတ်ချက် အနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အကြံပြု ဆွေးနွေးချက်များနှင့် ပေါင်းစပ် ဖြည့်ဆည်းပြီး အမျိုးသား လွှတ်တော်မှ အတည်ပြု ဆောင်ရွက်နိုင်ရန် အစီရင်ခံ တင်ပြခဲ့သည်။
ထိုကြောင့် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ် ၊ အပိုဒ်ခွဲ အလိုက် ဖော်ပြ၍ မေလ ၁၆ ရက်ထက် နောက်မကျဘဲ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.