Connect with us

Politics, Law & Military

နိုင်ငံ့ ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ စီမံချက် အရဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ မေလ ၃၁ ရက်(ဆင်ဟွာ)

နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ပြည်သူ့ဝန်ထမ်း ၄၅၀၀ ကျော်တို့အား ရွေးချယ်ပေးနိုင်ခဲ့သည်ဟု ၎င်းအဖွဲ့ဝင် ဦးစော ဗယ်လင်တိုင်းက ယနေ့ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဝန်ကြီးဌာန ၂၀ ခုတို့မှ လစ်လပ်နေရာများအတွက် ၇၅၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် လစ်လပ် နေရာတွေအတွက် ၁၁၈၀ ဦး၊ ပြန်တမ်းဝင် အရာရှိလစ်လပ်ရာထူးများအတွက် ၂၆၆၄ ဦးတို့ကို ရွေးချယ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဝန်ကြီးဌာန – အဖွဲ့အစည်း ၂၀ ခုတို့မှ လစ်လပ်ရာထူး ၈၆၈ နေရာအတွက် လျှောက်ထားသူ ၁၄၉၂၃ ဦးတို့အနက် ရေးဖြေစာမေးပွဲသို့ ၆၄၂၄ ဦးတို့ လာရောက်ဖြေဆိုခဲ့ရာ ၉၈၄ ဦးတို့ကို စိတ်အခြေ အနေ နှင့် လူတွေ့စစ်ဆေးရန်ခေါ်ယူပြီး ၇၅၁ ဦး ရွေးချယ်ပေးခဲ့ကြောင်း၊ လက်ထောက်ဆရာဝန်/ သွားဘက်ဆိုင်ရာ ဆရာဝန် လစ်လပ် ရာထူး ၂၀၂၂ နေရာအတွက် ရေးဖြေ စစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူ ၁၃၆၁ ဦးအနက် စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးရန် လာရောက်သူ ၁၁၈၀ ဦးကို တိုက်ရိုက်လူတွေ့စစ်ဆေးပြီး ရွေးချယ်ပေးခဲ့ကြောင်း၊ ပြန်တမ်းဝင်ရာထူး ကြော်ငြာစာ ငါးခုမှ လစ်လပ်ရာထူး ၃၂၁၀ နေရာအတွက် ဝန်ထမ်းလောင်း ၂၆၆၄သီးကိုလည်းကောင်း၊ အကူအညီ တောင်းခံလာသော ပြင်ပအဖွဲ့အစည်း လေးခုရှိ ဝန်ထမ်း ၂၁၆၈ ဦးတို့ကိုလည်းကောင်း စစ်ဆေး ရွေးချယ်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

ထို့အပြင် ၂၀၁၇ ဧပြီလမှ ၂၀၁၈ မတ်လအတွင်း ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် လေ့ကျင့်ပေးနိုင်ခဲ့ သည့် ဝန်ထမ်းဦးရေမှာ ၇၃၁၃ ဦးရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

“ဒုတိယ တစ်နှစ်တာအတွင်းမှာ ဌာနတွင်းဝန်ထမ်းများ လုပ်သက်ပြည့် ရာထူးတိုးမြှင့်ပေးခဲ့တဲ့ ဦးရေက ၇၈၅၆ ဦးလုပ်သက်မပြည့်ပေမယ့် အထူးကိစ္စနဲ့ ရာထူးတိုးပေးသူဦးရေ က ၈၂ ဦး၊ ပညာအရည် အချင်း ကို လျှော့ပေါ့ပြီး ရာထူး တိုးမြှင့်ပေးတာက ၁၃ ဦး ရှိခဲ့ပါတယ်၊ ပြောင်းရွှေ့ပေးခဲ့တဲ့ အရာထမ်း ဦးရေတွေက … ဝန်ကြီးဌာန အဖွဲ့အစည်း တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ပေးသူ ၄၅၇ ဦး၊ ကာကွယ် ရေး ဝန်ကြီးဌာနမှ အရပ်ဘက် ဝန်ကြီးဌာနသို့ ပြောင်းရွှေ့သူ ၉ ဦးး၊ အရပ်ဘက် ဝန်ကြီးဌာနတွေက ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်တမ်းဝင် အရာရှိတွေ တောင်းခံတာက ၅၇ ဦး ရှိပါတယ်” ဟုလည်းပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်က ရှင်းပြခဲ့သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် JICA နှင့် ပူးပေါင်းပြီး ပြည်သူ့ဝန်ထမ်း အကယ်ဒမီ လေ့ကျင့်ရေး ဗဟို သင်တန်းကျောင်း(နေပြည်တော်) တည်ဆောက်ရေးကို ၂၀၁၈ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးထားခဲ့ပြီး ၂၀၂၀ တွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊ “မြန်မာနိုင်ငံ နိုင်ငံ့ ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၇ – ၂၀၂၀)” အရ နိုင်ငံတော်က ဆောင်ရွက်လိုသည့် ဖက်ဒရယ်အစိုးရ ဖြစ်ပေါ်စေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြု ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.